ကဗျာဆိုင်ရာ အတွေးစများ – ၇။ ကျနော့်အတွက် ကဗျာရေးခြင်း

ကျနော့်အတွက် ကဗျာရေးခြင်းဟာ ဘယ်တုန်းကမှမလွယ်ကူခဲ့ပါဘူး။ သူများတွေအတွက် ကဗျာဟာ အလွယ်တကူရောက်ရှိလာပြီး တစ်နေ့ တစ်ပုဒ်ကနေ အပုဒ်၂၀လောက်ရေးနိုင်တာကို ကျနော်အံ့သြရပါတယ်။ အားကျရပါတယ်။ ထိတ်လန့်ရပါတယ်။ ကျနော်ညံ့ပါတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ရပါတယ်။ ကိုယ်ဟာ ကဗျာနဲ့မတန်ပဲ လူကြီးတွေ(ပါရမီရှင်)တွေရဲ့အလုပ်မှာ ဘာမှနားမလည်တဲ့ကလေးတစ်ယောက် လိုက်ဆော့နေသလိုပင်ခံစားရပါတယ်။

ကျနော် ကဗျာ မရေးတတ်ပါဘူး။ ရေးထားတာတွေရှိပေမယ့်လည်းကျနော်စိတ်မလုံဘူး။ တကယ်မသိနားမလည်တဲ့အပြင် ဘာမွေးရာပါပါရမီလည်းမပါလာရပဲ ယောင်တိယောင်နတွေပဲ တောင်တောင်အီအီ လျှောက်စိတ်ဆော့လက်ဆော့နေတာပဲလို့ ကျနော့်ကိုကျနော် အမြဲလိုလို အခါခါတွေးမိပါတယ်။ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ကောင်းတဲ့ကဗျာတွေဖတ်ပြီးရင် ကျနော်ဟာ ကဗျာမှာ လူလိမ်တစယောက်လို သိမ်ငယ်ညှိုးနွမ်းရတာကို လိပ်ပြာသန့်စွာဝန်ခံပါတယ်။ ကျနော်ညံ့ပါတယ်။

ကဗျာတစ်ပုဒ်(အ)စရဖို့လည်း ကျနော့်အတွက်ခဲယဉ်းပါတယ်။ နကမ္ပတိတရားကိုလက်ခံလိုက်နာတဲ့အကျင့်အမြစ်စွဲနေတော့လည်း သိပ်ရင်မခုံတတ်၊သိပ်မလှုပ်ရှားတတ်၊သိပ်မခံစားတတ်ပါဘူး။ ကြုံလာတာကိုလည်း အနိစ္စ၊ဒုက္ခ၊အနတ္တ နဲ့ဖြေလိုက်တဲ့အကျင့်ရှိတော့ တွေ့ကြုံခံစားမှုတွေဟာ ကြာရွက်ပေါ်ရေမတင်သလိုပါပဲ။ ညံ့ပါတယ်။

ရံဖန်ရံခါ စိတ်ထဲ ဘာရယ်လို့မည်မည်ရရအမည်မတပ်နိုင်တဲ့၊မဖော်ပြနိုင်တဲ့အပြင် ပီပီပြင်ပြင်တောင်မသိနိုင်တဲ့ မသိမသာ စိတ်လှုပ်ခတ်မှုတစ်ခုကို နုနုကလေး ပါးပါးကလေး အရိပ်ရဲ့ သိမ်မွေ့တဲ့ပွတ်သပ်လိုက်မှုလေးကို အာရုံဖျားမှာ ဘာမှမရှိတဲ့ သဲ့သဲ့လေးကို ရဲ့ရဲ့လေးရရှိတတ်ပါတယ်။ ခံစားမှုမဟုတ်ဘူး။ ပိုနူးညံ့တယ်။ အာရုံ၅ပါးနဲ့ကပ်ငြိလို့မရတဲ့အမျှင်လေး။

အဲလိုဖြစ်တာနဲ့ ကျနော့်လက်တစ်ကမ်းက မြန်မာ/အင်္ဂလိပ်ကဗျာစာအုပ်တွေကိုကောက်လှန်တော့တာပဲ။ ဘယ်ကဗျာပုဒ်ကိုမှမဖတ်၊ ဘယ်စာမျက်နှာကိုမှ ဟုတ္တိပတ္တိမကြည့်ပဲ အာရုံတစ်ခုကိုပဲအလုပ်ပေးထားလိုက်တော့တယ်။ ဘာအာရုံလဲမမေးပါနဲ့၊မသိပါဘူး။ အဲလို လျှောက်လှန် အာရုံခံပြီး စကားလုံးတစ်လုံး၊ စကားစုတစ်ခု၊ လိုင်းတစ်လိုင်း၊ ဒါမှမဟုတ် စာမျက်နှာလှန်ပြီးစိတ်ထဲနောက်ဆုံးကျန်ခဲ့တဲ့စကားလုံးနဲ့ လှန်လိုက်တဲ့စာမျက်နှာပေါ်က ဖမ်းစွဲလိုက်တဲ့ စကားလုံးတို့ပေါင်းစပ်ပြီး ကဗျာရေးဖို့ စက်စလည်တာပဲဖြစ်ပါတယ်။ အဲဒီအဆင့်မှာပဲ ပျက်သုဉ်းသွားတာ ရေလို့တောင်မရတော့ပါဘူး။ အဲ၊ ရလိုက်ပြီဆိုရင်လည်း ကဗျာပုဒ်ဖြစ်လာဖို့ အာရုံ၊အတွေး၊အလိုဆန္ဒ၊အာသာတွေဟာ ဘာသာစကား၊ကဗျာဘာသာ
စကား၊ကဗျာပုဒ်ဖွဲ့စည်းမှုဆိုင်ရာမှတ်သားမှုသညာ၊ ဘာသာစကားရဲ့အလုပ်လုပ်နေပုံပေါ် အာရုံရဲ့ အလိုတူလိုက်ပါတဲ့အခါလိုက်ပါ၊ အာရုံမပျောက်ပျက်သွားစေပဲ ညင်ညင်သာသာ လမ်းကြောင်းဖော်တဲ့အခါဖော်၊ ပြီးတော့မယ်(အာရုံရဲ့မျက်တစ်မှိတ်အတွင်းချုပ်ငြိမ်းတော့မှာ ‘သိ’လိုက်ရတာနဲ့ အဆုံးသပ်ကိုပြေးရှာ….။ အဓိကက ကြုံကြိုက်ရရှိမှုနဲ့ရွေးချယ်ကောက်ယူမှုတို့ရဲ့ရက်ယှယ်မှု။ အလိုမကြီးဖို့။ အတ္တမဝင်ဖို့။ အသေလမ်းမလိုက်မိဖို့။ စွဲထင်နေတဲ့ စကားလုံးတွေ၊နိမိတ်ပုံတွေ၊အဓိပ္ပါယ်ပြုလုပ်မှုတွေကို ရိုရိုသေသေ လိမ်လိမ်မာမာရှောင်ရှားဖို့။

ဒီ ဖွဲ့စည်းမှုအဆင့်မှာလည်း အကြိမ်ကြိမ်ပျက်ကျခဲ့ရတာ။ ဖတ်ပြီး ‘ဟင်’ ဆိုပြီးစွန့်ပစ်လိုက်ရတာ။ ကောင်းတာလေးတွေ ကံကောင်းစွာပါလာရင် လိုင်းတားပြီးထားခဲ့လိုက်ရတာ။ ကဗျာဆိုင်ရာစာအုပ်တွေ၊ စာတွေ၊ နည်းနာနိဿယတွေ၊ နည်းပရိယာယ်တွေ၊ နိရုတ္တိတွေ ၊ဝေဝုစ်တွေ၊ ကဗျာဗေဒ၊ ဘာသာဗေဒ၊ဒဿနိကဗေဒ၊ သိရှိအောင်သင်ယူထားသမျှ အားလုံးဟာ ဝေ့လည်ကြောင်ပတ်နဲ့ ဟော ဟိုမှာ ထပျံထွက်သွားကြတဲ့ ဝေသာလီဗျိုင်းမျိုးနှယ်။ ကူသူမရှိ ကူရာမရှိ တစ်ယောက်တည်းရုန်းပြီး တစ်ယောက်တည်း အဖတ်မတင်ဆုံးရှုံးသွားလိုက်ရတာတွေ။ ရင်လည်းနာပါတယ်။ အလဟဿကုန်ဆုံးသွားလိုက်ရတာတွေ။ အချိန်၊အလုပ်၊စိတ်။ ဆုံးရှုံးမှု။ စိတ္ဆင်းရဲမှု။

ကံအားလျော်စွာ ကံပွင့်ဥာဏ်ပွင့်လို့ ကဗျာတစ်ပုဒ်အဖြစ် ကံကြီးစွာ ခံစားခွင့်ရလိုက်တဲ့အချိန်ဆို ငါတော်လို့မဟုတ်ဘူး၊ငါသိလို့မဟုတ်ဘူး၊ငါတတ်လို့မဟုတ်ဘူး၊ ကဗျာက သနားသဖြင့်ငါ့ကို တစ်ပုဒ်တလေ (ဆက်ရူးနေအောင်) ချကျွေးသွားတာပဲလို့ ရိုရိုကျိုးကျိုး ချိုးချိုးနှိမ်နှိမ် ခံယူလိုက်ရတာပဲရှိပါတယ်။

ကိုယ်ညံ့တာ ကိုယ်ဖော်လို့ မသူတော်ဖြစ်ရစတမ်းဆို ကျနော်ဟာ ကဗျာမှာ ပထမတန်းစား မသူတော်ပဲဖြစ်နေမှာကို ကိုယ်တိုင်သိလျက်ပါ။

ဇယလ
၁၃ ဇွန်၊’၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>