လိုင်းလက်(က်)ပန်းကို ရိုးတံကနေ စအိုထဲထိုးပြီး
ဖင်ဗူးတောင်းထောင်ပြမှ ကဗျာ ဆိုရင်လည်း
ထားလိုက်ပါတော့ဗျာ
ဘိုဒလဲယားရဲ့ ငရဲပြည်ကပန်းတွေနဲ့ ဖက်အိပ်ပြီး
ကျောက်တုံးတိတိ ဆန်နေလိုက်ပါတော့မယ်
မီးတောက်ရဲ့ ပုဂ္ဂိုလ်ရေးဟာ လောင်မြိုက်ခြင်းထဲ
ကူးသွာဖို့ပါပဲ ဘယ့်နှယ် မီးကာကြီးဝတ်ပြီး
တစ်ကိုယ်လုံး မီးသတ်ဗူးအကုန်ဖြန်းလို့
တဖြေးဖြေး ရင်နင့်အောင် မှောင်မိုက်လာမှုထဲ
ပီတိရည်ကြည်ကို တစ်ကိုယ်ရည် တပြွတ်ပြွတ် ညှစ်ထုတ်လို့
အနက်မယိမ်းတဲ့ အသေစိမ်းထဲမှာ ဖြစ်တည်မှုဟာ
အမြှုပ်တွေနဲ့ ပျစ်ချွဲနေတာ လျှာနဲ့
မတို့ကြည့်ချင်ဘူးလား လုံခြုံမှုရဲ့ သုံ့ပန်းရေ
မျက်စိစုံမှိတ်ထားပေမယ့် နောက်ကျောကို ထိုးထားတဲ့
မီးရောင်ကို အရှိုက်ထဲက အရှက်လို ထိသိခံစားနေရတာမဟုတ်လား
ရေလိုအရာကိုငတ်နေတဲ့ ဆဲလ်တွေထဲ အမှောင်ဟာ
စိမ့်ဝင်လာနေတဲ့ကဗျာ
စိန်ပန်းနီအုပ်အုပ်နဲ့ တောဘူတာရုံလေး
မီးစွဲလောင်ကျွမ်းကျန်ရစ်ခဲ့တဲ့ကဗျာ
ခုတ်လှဲခံလိုက်ရတဲ့ ဇီဝအမည်ရှိ သစ်ပင်ကြီးရဲ့ ပင်စည်ပေါ်က
လိပ်ပြာဥတွေ ကပ်လျက်ကဗျာ
ပြီးခဲ့တဲ့ နွေတစ်ညတုန်းက ဘာအပြန်အလှန် ချုပ်နှောင်မှုမျိုးမှမရှိတဲ့
ချစ်မှုပြုခြင်း အရသာသက်သက်နဲ့
အထီးကျန်ကော့က်တေးလ်ခွက် နှုတ်ခမ်းသားက
လူမသိသူမသိ အိနြေ္ဒရဲ့ အသေအကြေအမှတ်အသား
စစ်နဲ့တစ်ကမ်းစာ တောင်စောင်းတစ်ခုမှာ မြေပြင်ပေါ်
လှဲချပြီး ကြယ်တွေမော့ကြည့်ရင်း
တစ်နေ့လုံး တူးခဲ့ရတဲ့ လတ်လတ်ဆတ်ဆတ် ဗုံးခိုကျင်းရဲ့
မြေသင်းနံ့သဲ့သဲ့ကို လဲ့လဲ့လေးရရင်း
သူများလို သံမဏိမဟုတ်တဲ့ ပါးလျဖန်ချိုင့်လေးလိုပဲ
ရေးလို့ရတော့တဲ့ကဗျာ
အဲဒီကောင်းကင်မှာပေါ့ အဲဒီကျကွဲဖန်ကွဲစတွေ
မှင်သက်မိ ကြက်သေသေနေသူ တစ်ဦးပေါ် တိတ်တဆိတ်
စိတ်ဖျားထောက် ဝင်ရောက်ပူးကပ် လိပ်ပြာတဆတ်ဆတ်
လေထဲက ငါးတွေကို လွတ်ရာဆီ အသာတကြည်
လက်နဲ့ရိုက်ပုတ်လို့ သစ်ပင်အုပ်ကြီးရဲ့ ဟိုတစ်ဘက်
အသက်ရှူသံကို ဘေးချထားတဲ့ သေနတ်ကနေ နားစွင့်လို့
အသက်ဘယ်လို ထွက်ရတယ်ဆိုတာ အရေးမကြီးပါဘူးလေ
သူထွက်တတ်သလို ရှာကြံထွက်သွားမှာပဲပေါ့
ထွက်ပြီးသွားမှ လေပေါ် ခြေဖျားလေးထောက်ပြီး
ဘယ်လိုလှမ်းလျှောက်သွားတယ် ဆိုတာပဲ အရေးကြီးတယ်
အဲဒါ ကဗျာမဟုတ်ဘူးလို့ ငြင်းမိတော့မယ် မဟုတ်လား
ဇယလ
၂၇ မေ၊ ဏာသိမ်း ‘၂၁