မြို့ထဲ လျှောက်မသွားချင်တော့ဘူး မပြောပြတတ်တဲ့
ဆိုးဝါးမှုကြီးတစ်ခုဟာ မမြင်ရပဲ လမ်းတွေထဲ ဝင်ထွက်
သွားလာလို့နေတယ် ထရေးဒါးစ် – ရှန်ဂ်ရီလာပေါ် တွားသွား
တက်သွားနေသလား ပန်းဆိုးတန်းကုန်းတံတားမှာ
ဒင်းရဲ့မသိုးမသန့်အနံ့ဆိုးကြီး ဆူးလေတဝိုက်
အာရုံပြုလိုက်တယ် လာရိုက်ခတ်တဲ့ မရှိတော့တဲ့လှိုင်လုံးကြီး
ကန္တာရရဲ့ဟင်းလင်းထဲ လေနင်းသွားတဲ့ အသံတွေ
စေတီဟာ ဦးကျိုး ဗလီဟာ ညွတ်ကျ ဘုရားကျောင်းဟာ
မျက်စိကို စုံမှိတ်ထားပြီး ပြန်မဖွင့်တော့ဘူး
ဒီတဝိုက်မှာ မြို့လည်ခေါင်ဆိုတာ ရှိခဲ့ဘူးသလိုပဲ
ရှင်သန်မှုဟာ ဒီအရပ်မှာ စည်ကားခဲ့တာ မယုံနိုင်စရာ
မြို့တော်ခန်းမဘက် မော့ကြည့်လိုက်တော့
အရိပ်မည်းကြီးဟာ အထဲငုပ်ဝင်လျှိုလိုက်တယ်
သမ္မတကုန်းပေါ်မှာ သမ္မတကုန်း မရှိတော့ဘူး
မြစ်ဘက်ကလာတဲ့လေဟာ တီးတိုးဆို့နင့်လို့
လမ်းမှားရောက်လာတဲ့ တစပြင်ဟာ ဘယ်ဆက်သွားရမှန်းမသိ
လမ်းပေါ်မှာပဲ ငုတ်တုတ်ကြီးထိုင်လို့ ဂျပန်ခေတ်က
ကတ္တရာပေါ် ဆောင့်နင်းလာသံတွေကြောင့်လား
ကြိုးတန်းပေါ်ကခိုတွေ အတိတ်ဆီ ထပျံသွားကြတာ
ဗိုလ်အောင်ကျော်လမ်းမှာ ခွာတစ်ချက်ပေါက်တော့မယ့်မြင်းအဲဒီအတိုင်း ရှေ့ခြေတစ်ဘက်ပြင်လို့
မီးဟုန်းဟုန်းဟာ မြို့ရဲ့ရင်ထဲ တောက်နေဆဲပဲလား
ဝန်ကြီးများရုံးလှေခါးထစ်တွေပေါ် တဒုံးဒုံးနဲ့
ကြိမ်မီးအုံးဖို့ လက်ပါးစေတွေ တစ်ပတ်လည် လာနေသံ
ကမ်းနားလမ်းဟာ ရာဇဝင်အပြည့်နဲ့ လမ်းမှာ ကမ်းဟာနားလို့
ဘယ်ကနေမှန်းမသိတဲ့ တဒုတ်ဒုတ်ခုန်နေသံကို
နားစွင့်လိုက်ပါရဲ့ မမြင်ရတဲ့ နှလုံးဟာ ခုန်နေဆဲပဲလား
ဒဏ်ရာကြီးတစ်ခုဟာ မြုံနေဆဲပဲလား
လွတ်လပ်ရေးကျောက်တိုင်ဟာ သူ့ထဲသူ ငူငူကြီးငေးလို့
ပသို့ဆိုစေ
မနက်ဖန်ဟာ မြို့ထဲရောက်လာပါလိမ့်မယ် ဘယ်မှာဆုံကြမလဲ
ကိုယ့်လူတို့ ပိုလွန်းတယ်လို့တော့ မထင်ပါနဲ့
ရိုတွန်းကဖီးဟာ ကိုယ်တို့ကို မျှော်လို့နေလေတယ်
ဆရာမြရယ် အာရင်ဘာ့ဂ်ရယ် ပါရီလို နေ့ရက်တွေပေါ့ကွယ်
ဇယလ
၁၅ မေ၊ ဏာသိမ်း ‘၂၁