အကောင်းဆုံးဖြစ်မလာခင် ဖြတ်သန်းရမယ့်
အဆိုးဆုံးဟာ ရာသီစက်ဝန်းထဲ တွင်းထဲက ပလူတွေ
တောင်ပံမွေးနေကြသလိုပေါ့
ရယ်စရာမရှိ၊ လျော်စရာရှိ ကြေကွဲမှုကို အကြွေးတင်
ငေးပြီး ပြုံးပဲပြုံးနေတော့တယ်
အတိတ်နဲ့ အသိကြော ဖြတ်ထားသူရယ်
ဝတ်စုံနဲ့အမှိုက်တွေ လူရုပ်တွေ လိုက်ကောက်ကြတယ်
အချိန်ဟာ ဆန်းကြယ်တယ် ကလေးအရွယ်က ကစားခဲ့တဲ့
သေနတ်ပစ်တမ်းကြောင့် နောင်ဆယ်နှစ်ကျော်မှ
သေသွားတယ်
လူတစ်ယောက်ဟာ တစ်နေ့ဝင်သက် ၂၃,၀၄၀ ပြုလုပ်တယ်
နှလုံးဟာ တစ်နေ့ အကြိမ် ၁၁၅,၂၀၀ ခုန်တယ်
ဦးနှောက်ဟာ တစ်နေ့ အတွေး ၆၀,၀၀၀ ကိုတွေးတယ်
နှမျောစရာကွယ် အလွယ်တကူ အမြစ်လှန်ဘိချင်း
အပြစ်တစ်ဘက် ဝဋ်တစ်ဘက်နဲ့ ဘယ်သိကြမလဲ ခြေတုတွေ
ကျွဲတစ်ဘက် နွားတစ်ဘက် ဘဝကို စီးနင်းကြလေရဲ့
မီးဖိုနေပါတယ်ဆိုမှ ဘာလုပ်ရမလဲ စိန်ခဲတွေ
ထင်းတစ်ချောင်းပဲ ကိုယ်ဖြစ်ရပါစေလေ
မျှော်လင့်ချက်ဟာ အလှတရားဆို ခါးသီးစရာပဲ ဖြစ်လိမ့်မယ်
သစ္စာတရားဟာ ငါတို့ချွတ်လိုက်ရမယ့် ကျောက်တုံး
ဦးထုပ်တွေပဲပေါ့
အဆုံးမသတ်ခင် ဒီဖြစ်စဉ်လည်း အဆုံးသတ်လို့ မရနိုင်ဘူး
ဇယလ
၁၃ မေ၊ ဏာသိမ်း ‘၂၁