ကဗျာတော်တော်များများမှာ တွေ့ရတတ်တဲ့လိုင်း
‘ဟာလာဟင်းလင်း ပလာကျင်းနေ့ရက်များ’
မနေ့ကလေကြမ်းတိုက်လို့ အနှစ်နှစ်အလလ
ဂရုစိုက်ခဲ့ရတဲ့ ရေတမာပင်ကြီး ပြိုလဲကျသွားတယ်
သစ်ရွက်နုလေးတွေဟာ သမိုင်းနဲ့ ဝေးနေကြသေး
သလို ရွက်နုပျိုလေးတွေ စိမ်းလန်းဆဲ
ဘာရယ်မသိ ရင်ထဲမချိဖြစ်မိရပါတယ် အို … စိမ်းလန်းခြင်း
တစ်ယောက်နဲ့တစ်ယောက် တွဲချိတ်ထားကြတာ
ဒီစိမ်းလန်းခြင်း
ကဗျာတွေထဲမှာလိုပဲ ဘဝဟာ ငြိမ်နေတာမဟုတ်ဘူး
ဒီလှုပ်ခတ်ခြင်းကြီးထဲမှာ
ကဗျာတွေထဲမှာလိုပဲ လိုင်းတွေပြတ်တောက်ကုန်ကြ
စိမ်းလန်းခြင်းတစ်ခုနဲ့တော့သီထားဆဲပဲပေါ့
မျက်ရည်နဲ့ အံကြိတ်ထားတဲ့ ဘူတာတွေမှာ
ကဗျာတွေထဲမှာလိုပဲ ရထားတွေ
လိပ်ပြာတွေလို ရောက်လာ လိပ်ပြာတွေလို
ထွက်သွားကြ ကဗျာတွေထဲမှာလိုပဲ ကဗျာဟာ
လာနား ဥတွေအုချသွား ပြီး ပြန်ထွက်သွား
ညတွေထဲမှာ ကိုယ်ဟာနေထွက်လို့နေတယ်
ကဗျာတွေထဲမှာလိုပဲ
နာမ်နာမ်ချင်းပဲ တွဲလက်တွေစွဲမြဲ ချိတ်ဆက်ထား
ခိုးကြောင်ခိုးဝှက် မှောင်နေလို့ ရပေမယ့်
အလင်းဟာ တစ်စက်တည်းနဲ့ ပြန့်ကား
ကဗျာတွေ မဖတ်ကြရင်လည်း ကိစ္စထွေထူး မရှိပါဘူး
အားလုံး တွေ့ကြုံသိမြင်ခံစားလိုက်ကြရပြီပဲလေ
စိမ်းလန်းခြင်းကို ကိုယ့်နေနဲ့ကိုယ်
ပိုရင်လှူ လိုရင်ယူ ဆိုသလို
လှူသမျှ ယူသမျှ စိမ်းလန်းခြင်းတွေ
ရင်မှာသွန်းဖြိုး ခွန်အားဖြစ်စေသား
ဇယလ
၇ မေ၊ ဏာသိမ်း ‘၂၁