လင်သားဖက်အိပ်တဲ့ သေနတ်နဲ့
မယားလုပ်သူဟာ ဗုံးတစ်လုံး ကိုယ်ဝန်ရလိုက်သတဲ့ …
ဘယ်လိုနေ့မျိုးတွေပါလိမ့်လဲကွယ်
ပြိုလဲသွားတဲ့ စိမ်းလန်းစပင်စည်ရဲ့ အမြစ်ရှိခဲ့ရာ
ချိုင့်ခွက်ကြီးထဲ ကျောက်တုံးတစ်လုံး ထည့်သွင်း
အမြစ်တွေပေါက် အစို့အညှောက်တွေ ထွက်လာဖို့
သေနတ်ဘယ်နှချက်နဲ့ ဂုဏ်ပြုတယ်ဆိုလား
သူရူးဦးထုပ် ဆောင်းမပြလည်း
သူ့အရေးတကြီးတွေဟာ အရေးပါခဲ့တာမှ မဟုတ်တာ
လေထဲကနေ ခြေတံလက်တံတွေ ပေါက်လာအောင်
ဆောင်ရွက်ပေးနေတာတဲ့ မျက်လှည့်ဆရာဦးထုပ်အောက်က
ဟော အမွေးပွငှက်ရုပ် ဟော ပလပ်စတစ်ပန်းတစ်စီး
သူ့ကိုယ်သူ ခေါင်းထဲဝင်ပြပြီး
အလည်တည့်တည့်ကနေ သူကိုယ်တိုင် လွှတတိတိတိုက်ပြ
သူကိုယ်တိုင် အကောင်းပကတိ ပြန်ထွက်လာပြလို့
ဘယ်လိုနေ့မျိုးတွေပါလိမ့်လဲကွယ်
ပြစ်ဒဏ်တွေ တစ်နေ့တစ်မျိုးချတဲ့ နေ့တွေထဲမှာပဲ
ရှင်သန်ခြင်း၊ ဖီဆန်ခြင်း၊ ချိုမြိန်တဲ့ စုပ်နမ်းခြင်းတွေ
အတွက် ငါတို့ နေရာတွေ ပေးနိုင်ကြဆဲပဲ
ချစ်တယ်နော် လို့ သက်တံပေါ်က နူးညံ့ခြင်းတွေ
လက်နက်မဲ့သူတွေရဲ့ မူလအတိုင်း အပြိုင်းပြိုင်းပေါ့
၃လကျော်ခဲ့ပြီးတဲ့ ပကတိအခြေအနေဟာ
အလမ္ပာယ်လား မြွေလား ပုလွေလား ပချုပ်လား
အပွင့်စနစ် မေးခွန်းထဲမှာ သပွတ်အူတလူလူ အဖြေတွေ
ဘယ်လိုနေ့မျိုးတွေပါလိမ့်လဲကွယ်
တောင်တန်းတစ်နေရာကနေ အချစ်တွေ ပို့သလိုက်ပါရဲ့
သူရဲကောင်းဇာတ်တော်ကြီးတွေထက်
ကလေးအတွက် ပေါင်မုန့်လုံးလေးရဲ့
အနွေးဓာတ်ကို ရင်မှာကပ်ပြီး အိမ်အရောက် ပြန်နေသူရဲ့ဝီရ
မျှော်နေတဲ့ အမေအတွက် အသက်ပိုက် ပြန်လာနေပါပြီ
ဆိုတဲ့သတင်း အလင်းနဲ့ ချက်ပြုတ်တဲ့ အသက်ဇီဝ
ဘယ်လိုနေ့မျိုးတွေပါလိမ့်လဲကွယ် လို့
တစ်ချိန်မှာ မေးလာခဲ့ကြရင်
အင်အားခြင်း မမျှပေမယ့် လူဖြစ်ခြင်းဓာတ်တွေ
တဟုန်းဟုန်းကြွနေကြတာကို
လှိုင်းလုံးကြီးတွေနဲ့ ပြခဲ့ကြတာပဲပေါ့ကွယ်
ပင်လယ်ဆိုတာ လူက ဆင်းသက်လာတာပေါ့ …
ဇယလ
၆ မေ၊ ဏာသိမ်း ‘၂၁