လကို အူနေတဲ့ သန်းခေါင်ယံခေါင်းဖြတ်စက်တစ်လုံးပေါ့
လရောင်ကို ငါးရိုးလို ဓားသွားမှာ မျက်လို့ အဲဒီကဗျာပုဒ်ထဲမှာ
တောင်တွေရဲ့ ခုတ်ရှရာတွေဟာ
မြစ်တွေအဖြစ် စီးဆင်းနေကြဆဲပဲပေါ့
လက်နက်တွေရဲ့ ဆုံးရှုံးမှုကို ဘယ်မုသားနဲ့
ပြန်ဖာထေးလို့ ရတော့မလဲ အဲဒီကဗျာပုဒ်ထဲမှာ
စိတ်ဓာတ်မကျဖို့ ဆေးတွေသောက်နေရတဲ့ ဖိနပ်တွေလို
လေထဲ အုပ်လိုက်ပျံနေကြတဲ့ အမဲလိုက်ငါးရိုးကြီးတွေလေ
အဲဒီကဗျာပုဒ်ထဲမှာ ရွှံ့နွံတွေပဲ ရှိကြမယ်လို့ ထင်ခံထားရ
သူတွေဟာ ရုတ်တရက် ဗီဇထဲက ရွှေသားတွေအဖြစ်
အဲဒီကဗျာထဲမှာ လူတစ်ယောက်ဟာ တစ်မျက်နှာလုံး
ဆေးမည်းသုတ်ပြီး လူစည်ကားရာတွေဆီ လျှောက်သွားလို့
လက်ရေးလက်သားလှလှနဲ့ ကိုယ်တိုင်ရေးနာရေးကို
ဘုရားစင်မှာ တင်ထားခဲ့သတဲ့ အဲဒီကဗျာပုဒ်ထဲမှာ
အိပ်မက်ထဲ ‘၂၃ ခေါင်ဂရောင်’ လို့ လာပြောတယ်
ညည်းဟာ တရှုံ့ရှုံ့ငိုလို့ ဝမ်းနည်းလွန်းလို့ပါတဲ့
အဲဒီမှာ ညည်းတို့ ကျဆုံးသွားခဲ့ရှာလေတယ်
အဲဒီကဗျာထဲမှာ နေ့ချင်းညချင်း မိမိတို့လည်း
တိုင်းရင်းသားတွေ ဖြစ်သွားကြတယ်ပေါ့
ခေတ်မီလက်နက်တွေကို ရှေးဟောင်းတူမီးတွေနဲ့
ခုခံလို့ မင်းတပ်ကို စိုးရိမ်စိတ်နဲ့ အိပ်စက်ခြင်းကို ဘယ်လိုမှ
မင်းတုပ်ချလို့ မရခဲ့ မြင်းခွာသံတွေလို မိုးဆွေငှက်တွေလို
သလဲသီးထဲက သလဲစေ့တွေ ‘သလို သလို’ စေးကပ်လို့
အဲဒီကဗျာပုဒ်ထဲမှာ ကျွဲရိုက်နွားရိုက် စာရင်းရှင်တွေ
ပရမ်းပတာ ပရိဒေဝပေါ် တောက်တဲ့လို တိုးလျိုး
လျှပ်စစ်ဓာတ်တွေ ဖတ်လတ်ဖတ်လတ် ထွက်နေတဲ့ ဖုတ်လှိုက်ဖုတ်လှိုက်
ယေဘုယျသတ်ဖြတ်နေတာ လူမဟုတ်တဲ့ အမိန့်ပြန်သလို
ဓာတ်သဘာဝ မှားယွင်းသွားတဲ့ လျှာမည်းကြီး
အဲဒီကဗျာထဲမှာ ကိုယ်ဟာ ကဗျာမရေးနိုင်တော့ဘူး ဆိုတာ
လင်းကနဲ သိလိုက်ရပြီး အမှောင်ထဲ လျှောကျသွားလိုက်တာမှ
ပရိယာယ်ဝေဝုစ်မဲ့စွာပါပဲ အကြမ်းဖက် မိုးလေဝသဟာ
ကဗျာကို သာယာခွင့် မပေးခဲ့ဘူး အဲဒီကဗျာထဲမှာ
တစ်တောလုံး မီးလောင်တိုက်သွင်းမရတဲ့ထဲက လိပ်ပြာတွေ
မီးခိုးနံ့တွေစွဲ တောင်ပံအဖျားအနားတွေ မီးဟပ်လို့
အံ့မခန်းအစွမ်းတွေနဲ့ ပြန်ထွက်လာကြတယ်
နာကျင်ခဲ့ရမှုတွေနဲ့ပဲ ဆို့နင့်မနေချင်တဲ့ အဲဒီကဗျာထဲမှာ
မဆီမဆိုင်ပါပဲ ရှေ့ဘီးနဲ့ နောက်ဘီးတို့ မထိကြပဲ
မိတ်လိုက်နေကြတဲ့ စက်ဘီးတစ်စီးပေါ်မှာ
မင်းကို ကိုယ်တင်နင်းခဲ့ဖူးတာကို ဖျဉ်းကနဲ သတိရမိ …
ဇယလ
၂၈ ဧပြီ၊ ဏာသိမ်း ‘၂၁