၁။
ပန်းသီးကိုက်ပြီး ချိုမချို ငြင်းနေကြချိန်မှာ
ပန်းသီးတစ်စေ့အတွက် ဒီမှာလေ
အသေခံနေကြရတယ်
၂။
ထိုင်ခုံနောက်ကျောပေါ် လွှားတင်ထားတဲ့ သဘက်နီ
ကိုယ်ကျင့်တရားဆိုတာကို မေးခွန်းထုတ်နေသလိုပဲ
၃။
အုတ်ကြားမြက်ပေါက် တဲ့
ကြည့်စမ်း ….. ပွင့်ပစ်လိုက်ကြတဲ့ ပန်းတွေ
သေမယ်ဆိုတာ သိလျက်နဲ့
၎။
ပေးဆပ်လိုက်ရတာနဲ့တင်
အကြွေးတွေ အများကြီး တင်သွားရပြီ ကွယ်တို့ရေ
၅။
သေနတ်သမားရဲ့ ကြောင်အမ်းအမ်းအကြည့်ထဲမှာ
သွေးကွက်ထဲက ထပျံသွားတဲ့ အဖြူရောင်လိပ်ပြာလေး
၆။
သားသတ်ရုံထဲက သွေးညှီနံ့လူး သံချိတ်တွေလို
တွဲတွေဟာ သံလမ်းပေါ်မှာ ယိမ်းထိုးလို့ —-
ဘူတာကို တစ်ပါတည်း တည်ဆောက်ဖို့
ရထားဟာ ဆက်လက်ခုတ်မောင်းလို့နေတယ်
၇။
‘ရပ်ကွက်’ထဲက လမ်းဘက် ငေးကြည့်နေတဲ့
မျက်လုံးလှလှလေးတစ်စုံရဲ့ ရင်ထဲမှာ
ပွင့်ကြတဲ့စပါယ်တွေ
နီဆွေးလို့
၈။
တန်းစီချီတက်သွားကြပြီး
ဝရုန်းသုန်းကား ပြန်ပြေးလာကြရဲ့ …
ဒီမယ် မိတ်ဆွေ၊ ခင်ဗျားကို မေးစရာတစ်ခုရှိတယ်
ဒါဟာ ‘ဘဝ’ ဟု ခေါ်ဆိုခြင်းရဲ့
ဘယ်နှစ်ကြိမ်မြောက် သမိုင်းလဲ
၉။
ဘာသာစကား ပိတ်ပင်ခံရလည်း
အဓိပ္ပါယ်တွေဟာ အသံတိတ် မြည်ဟည်းနေကြမယ်
၁၀။
အရေပြားထဲက မမြင်ရသေးတဲ့ ဟိုအဝေးဆီ
ချိန်ဆထားတဲ့ မျက်လုံးတွေ
— ဟုတ်တယ်၊ ရဲရဲသာ ချရေးလိုက်ပါ —
ရှိကြတယ် ….
ဇယလ
၂၆ ဧပြီ၊ ဏာသိမ်း ‘၂၁