အနုပ်စုတ်ကုတ်စုတ်တိုင်းပြည်မှာ ကြီးပြင်းလာခဲ့ရတော့လည်း
သင်္ဂြိုလ်စက်လို မီးစက်ရဲ့ ငြီးစီစီသံကြီးထဲမှာပဲ
ငါတို့ရခဲ့ကြရတာကို အလင်းလို့ပဲ ခေါ်ကြတယ်
ဘဝမှာ ရှင်သန်နေထိုင်ရဖို့ ဘာဆင်ခြေတွေ ပေးရမလဲ
လေရဲ့ခြေရာထဲက ကောက်ရစကားနဲ့ပဲပေါ့
ငါအဆာငတ်ခံ ဆန္ဒပြနေလိုက်တယ် ဆာလောင်တုန်း အချိန်မှာ
လှီးလိုက်ရင် သွေးစီးကျတဲ့ ဘိ(ဖ်)စတိတ်လို နျူးစ်ဖိ(ဒ်)တွေ
လူတွေသေတမ်း ဆော့ကစားတဲ့ သေနတ်ပိုင်ရှင်တွေ
လူတစ်လုံးသူတစ်လုံး မဖြစ်လာလို့ ဂူတစ်လုံးထဲ ပြန်ဝင်သွား
လောက်ရဲ့အသား ခါးလှတယ်နဲ့ မိုးခါးရေတစ်ကျိုက်
ဂူထဲက လက်နက်စက်ရုံကို အလင်းထဲကလူတွေ
ဖူးမျှော်ခွင့် မရကြဘူးပေါ့
လူငယ်တွေရဲ့ပခုံးတွေပေါ် တက်ရပ်လည်း
လူကြီးတွေဟာ အတိတ်ကိုပဲ မြင်တတ်ကြတာ ဆန်းသလား
ကိန်းဂဏန်းတွေဟာ ရင်ပြင်ပေါ် မိုးသီးတွေလို
တဝုန်းဝုန်းသမိုင်းထဲ ကျောက်သားဗိမာန်ကြီးဟာ
ငွေရည်စိမ် ငူငူကြီးကြည့်လို့
သည်းထန်တဲ့ ကျဆုံးမှုတွေနဲ့ လွတ်ရာပြေးကြရ
ရင်ပြင်ရဲ့ တနံတလျားမှာ ဘာအမိုးအကာမှမရှိ
လူ့ဘဝ လူ့အသက်ရဲ့ ကျေပျက်လွယ်မှုကို
သည်းမခံနိုင်တော့လို့ ငါ ထထွက်ဖို့ လုပ်လိုက်တယ်
စင်ပေါ်က လူရွှင်တော်ဟာ ပြက်လုံးတွေပဲ ဆက်ထုတ်လို့
ဘဝရဲ့တံခါးပေါက်ကို ဘယ်နံရံမှာမှ စမ်းလို့မရခဲ့
ဇယလ
၂၀ ဧပြီ၊ ဏာသိမ်း ‘၂၁