ဒီအချိန်ကာလအတွင်း အချိန်ရဲ့ ပုံတူ

အချိန်ဟာ ရှေ့နည်းနည်းသွားလိုက် စက်ဝိုင်းလို နောက်ပြန်လိုက်နဲ့။ ရှေ့ကလေးနည်းနည်းလေးထပ်တိုးလိုက် ပိုကြီးတဲ့စက်ဝိုင်းပြန်ဖြစ်သွားလိုက်ပဲဖြစ်နေတယ်။ အချိန်ကာလကို အဲသလိုသရုပ်ဖော်တာ ဘယ်လိုစိတ်မျိုးနဲ့လဲဆိုတာဟာလည်း ပြောရခက်ပါတယ်။ ဒေါသ ပြင်းပြင်းထန်ထန်ထွက်ရမှု၊ စိတ်ပျက်အားငယ်ရမှု၊ မျှော်လင့်ချက်ဆိုတာထက် ယုံကြည်မှုတစ်ခုနဲ့ စိတ်ဓာတ်တက်ကြွမှုတို့ဟာ နာကျင်ကြေကွဲမှုတွေနဲ့ ရောထွေးလို့ နေကုန်တယ်။ တစ်ခုထဲ အခြားတစ်ခုတွေ ရောက်ရှိရောယှက်လို့ နေကြတယ်။ ဒါတောင် ခေါင်းပေါ်က လေယာဉ်ပျံသံတွေ ကြားရသေးတာ မဟုတ်သေးဘူး။ လက်နက်ကြီးတွေရဲ့ နားကွဲလုမတတ် ပစ်ခတ်ခံရတာတွေမဟုတ်သေးဘူး။ စစ်မဖြစ်သေးပါဘူး။ စစ်မဖြစ်သေးပါဘူးလို့ ချော့လျှော့တွေးဖို့ ကြိုးစားပေမယ့်လည်း စစ်ဟာဖြစ်လို့နေပါပြီ။ ခေါင်းပေါ် လေယာဉ်တွေပျံသွားတာ ကြားပြီးပြီးချင်း အဆင့်ဆင့် ပေါက်ကွဲသံကြီးတွေနဲ့အတူ မီးခိုးလုံးကြီးတွေ လှမ်းမြင်ရတော့တာပဲ။ ပြီး နားအူကျန်ခဲ့တဲ့ ပေါက်ကွဲသံကြီးတွေ။ အချိန်ဟာ ထခုန်ပြီး နောက်ကြောင်း လည်သွားတာ စက်ဝိုင်းမပြည့်မချင်း။ တိုးထားတဲ့ ရှေ့ကလေးဟာ ရှေ့ထပ်တိုးသွားသလား၊ စက်ဝိုင်းရဲ့အနားသပ်အောက် မြုပ်ပြီးပျောက်ကွယ်သွားသလား။ ဒါဟာ နေ့စဉ်တွေ့ကြုံခံစားမှုပဲ ဖြစ်နေခဲ့တယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ အဆိုးထဲက အကောင်းမြင်ပဲလား၊ အချိန်ဟာ ရှေ့တိုးဖို့ခက်သလောက် နောက်ပြန်လည်တဲ့ စက်ဝိုင်းတွေဟာ တစ်ခုပေါ်တစ်ခု ကြောင်လိမ်လှေကားအဖြစ် တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လို့သာ လာနေချေတော့တယ်။

ဇယလ
၁၈ ဧပြီ၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>