အဲဒီအလောင်းကို ဒင်းတို့ ဘယ်လိုပဲမြှုပ်မြှုပ်
မြေသားရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်လို့ပဲနေတယ်
ရိုက်နှက်ထားလွန်းလို့ ယောင်္ကျားလား မိန်းမလား
လိင်မကွဲပြား အသက်အရွယ် မသိနိုင်တော့တဲ့ရုပ်
ဘယ်ဘက်မျက်လုံးဟာ ဖူးယောင်ပြီး မှိတ်လို့နေတယ်
ညာဘက်မျက်လုံးနေရာမှာ ချိုင့်ခွက်
အောက်နှုတ်ခမ်းတစ်ခြမ်းဟာ ပြတ်ရှတွဲကျလို့နေပြီ
တစ်မျက်နှာလုံးမှာ သွေးဟာ စိုနေ ခြောက်နေ
ဒင်းတို့ စစ်ဖိနပ်တွေနဲ့ တက်နင်းကန်ကြောက်ကျတယ်
ဂေါ်ပြားတွေနဲ့ မြေကြီးထဲ ဆောင့်ရိုက်ကြတယ်
သေနတ်ဒင်တွေနဲ့ ထုရိုက်သွင်းကြတယ်
မျက်နှာမှာ ထွက်စရာ သွေးတောင်မရှိတော့
မျက်နှာဆိုတာထက် ကျိုးကြေနေတဲ့ အရိုးစ အသားစ
နောက်ဆုံး ကျောက်တုံးကျောက်ခဲတွေ တင်လိုက်ကြတယ်
ဒင်းတို့ဒေါသနဲ့ ကျောက်တုံးတွေ ထပ်လိုက်တာ
ဒင်းတို့လုပ်ရပ်ရဲ့ တစ်ရပ်စာ ဖြစ်သွားတယ်
အမှတ်တရကျောက်တိုင်နဲ့တူတဲ့ ကျောက်တုံးတွေ
ကျောက်တုံးကလွဲလို့ ဘာမှမရှိတော့မှပဲ
ဒင်းတို့ အောင်မြင်စွာ ထွက်ခွာသွားကြတယ်
မိုးပေါ်က ငုံ့ကြည့်မှ မြင်ရတော့တယ်
ကျောက်တုံးတွေထိပ်မှာ
ထင်းထင်းကြီးပေါ်နေတဲ့ မျက်နှာ
ဘာမထီအပြုံးနဲ့ ဝင်းသန့်လို့
ဇယလ
၁၇ ဧပြီ၊ ဏာသိမ်း ‘၂၁
သင်္ကြန်အတက်နေ့