ဒင်းတို့ရဲ့ ခမောက်တွေအောက်မှာ
မူလီနဲ့ ကျပ်ထားတဲ့ လှောင်ချိုင့်တစ်လုံးစီ ရှိကြတယ်
အဲဒီထဲမှာ သွေးဆာနေတဲ့ သတ္တဝါဟာ
ခေါက်တုန့်ခေါက်ပြန်သွားနေတယ်
ခမောက်ကို ချွတ်လိုက်ရင် လှောင်ချိုင့်ပါ ကျွတ်ထွက်သွားပြီး
အရိုင်းစိတ်ရဲ့ သွေးစိမ်းရှင်ရှင် ပန်းထွက်တယ်
ဒင်းတို့မယားတွေနဲ့ နမ်းကြရင်
ခုနစ်အိမ်ကြား ရှစ်အိမ်ကြား
လှောင်ချိုင့်ချင်းချင်း ပွတ်သပ်ရိုက်ခတ်သံတွေ ကြားရတယ်
ကလေးမွေးရင် လှောင်ချိုင့်ပျော့ပျော့လေးဟာ
သူ့အမေရဲ့အဝှါထဲက ထိုးထွက်လာတတ်တယ်
လေပဲရှိသေးတဲ့ လှောင်ချိုင့်လေး
ဦးခေါင်းတစ်လုံးဟာ ဝင်းတစ်ခုထဲ ဝင်သွားပြီး
လှောင်ချိုင့်တစ်လုံးနဲ့ ပြန်ထွက်လာတော့တယ်
လှောင်ချိုင့်တွေဟာ သွေးညှီနံ့နဲ့ အချင်းချင်းသိကြတယ်
အပြင်လူတွေနဲ့ယှဉ်ပြီး ဒင်းတို့ မှန်ထဲမကြည့်ရဲကြဘူး
ဦးခေါင်းတစ်လုံးကို ဘယ်တော့မှ မရနိုင်တော့မှန်းသိလေ
လှောင်ချိုင့်တွေဟာ နာကျည်းဒေါသသွေးဆာလေပဲ
မိစ္ဆာရဲ့ ဟိန်းဟောက်သံဟာ
ဒင်းတို့ရဲ့ ကတိသစ္စာရွတ်ဆိုသံပဲ ဖြစ်တယ်….
ဇယလ
၁၅ ဧပြီ၊ ဏာသိမ်း ‘၂၁