စိတ်ဟာ သားလှီးဓားပေါ် ရွှပ်ကနဲရဲ့ ပုံတူ

သဲပူပေါ် ပစ်ချခံထားရတဲ့ ငါးအရှင်တွေလိုပဲ လူတွေဟာ
ပဲခူးမှာ ဒီတစ်နေ့တည်း ၆၀ တဲ့လား
ပုံထပ်ထားတာတွေထဲ အချို့ဟာ လှမ်းအော်လို့
မိဘကို မမိရင် ကလေးတွေကို ဖမ်းမယ်ဆိုလို့
အကျော်ဒေးယျ မိဘနှစ်ပါးဟာ အဖမ်းခံလိုက်ကြရတယ်
အောက်မှာ ပိုက်ကွန်မခံထားတဲ့
ကောင်းကင်ကြိုးတန်းပေါ် လှမ်းလျှောက်ရနေ့တွေ
ဘယ်လက်နက်သုံးရင် ဘယ်နှစ်နာရီအတွင်း ဘယ်နှစ်ယောက်
ဒီနေ့သေဒါဏ်စပေးပေမယ့် စကတည်းကပဲ
သတ်မိန့်ကျလို့ သေခဲ့ကြတာ မဟုတ်လား
ချစ်တမ်းကစားမနေကြရင် ကမ္ဘာကြီးကို
ခွဲခြမ်းစိပ်ဖြာနေရမယ့် အရွယ်မှာကွယ်
အနည်းဆုံးတော့ လိင်ကိစ္စထဲ ခန္ဓာလျှိုနေကြရမှာ
သားရိုင်းတွေဟာ လူသတ်ပွဲကို
ယဉ်ယဉ်လေးနဲ့ ကစားကြတာ
ဇမ္ဘူဒီပါ လင်္ကျာတောင်ကျွန်းမှာ
ခြေတော်ရာအပြည့် အလောင်းတွေ
သွေးအဆိပ်တက်နေတဲ့ စိမ်းလန်းတဲ့ အိပ်မက်တွေကို
ကိုယ်ထဲက ဖောက်ထုတ်ပစ်လိုက်ရမှာလား
စကားအောက်မှာ သွေးတွေအများကြီး စီးသွားတယ်
သပိတ်ခေါင်းဆောင်ဟာ ဒလန်လို့လည်း သတင်းထွက်တယ်
တစ်နေ့ကပဲ ပိတောက်တွေ ခဲနေအောင်ပွင့်ခဲ့လို့
နိမိတ်ယူပြီး မျှော်လင့်ချက်တွေ ဝေခဲ့ကြသေးတာ
မျှော်လင့်ချက်ဆိုတာ သားသတ်သမားရဲ့
လက်နှီးစုတ်တော့ မဟုတ်စေရဘူးပေါ့
တစ်ချိန်မှာ ပြောကြပါလိမ့်မယ်
သွေးအိုင်ကြီးထဲ ဗေဒါတွေ ဘယ်လိုပွင့်ခဲ့တာ
ရေကို သဘာဝအရ တောင့်တပေမယ့်
လေကိုသာ လိုချင်ခဲ့ကြတာ

ဇယလ
၁၀ ဧပြီ၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>