
ဒီနေ့လိုင်းပေါ်မှာ ကြက်ဥတွေပေါ် ပုံရေးဆွဲထားတာတွေ တွေ့တယ်။ မြန်မာပြည်ကို ကယ်တင်ပါ လို့ စာတွေလည်းပါတယ်။ ကြက်ဥတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့။ တြိဂံတွေ၊ ဆဌဂံတွေ၊ လေးထောင့်တွေ။
ညက လေပြင်းပြင်းတွေ အရင်တိုက်တယ်။ မိုးသည်းကြီးမည်းကြီး ရွာတော့မယ်ပေါ့။ ပြီး၊ အသံကြီးနဲ့ တကယ်ရွာလို့ ပြတင်းပေါက်တွေ ထပိတ်ရတယ်။ ရွာလိုက်တာ ခဏပါပဲ။ ထွက်ကြည့်တော့ ခရမ်းရောင်၊ အသည်းကွဲရောင်၊ ထမင်းရည်လို ပေကျံနေတဲ့ နနွင်းရောင်အပြင် H7O၊ H2021O၊ HSP MMSP KMKL O တွေ၊ တသလင်းချိတ်တေ၊ ထဝမ်းဘောတွေ၊ သံဆူးချိတ်တွေ။
အိမ်နောက်ဖေးက ပိတောက်ဖူးတွေအားလုံး တစ္ဆေခြောက်သွားလို့ စိတ်ရောဂါဝင်အမျိုးသမီး ရာသီလို ထိန်သွားတော့တယ်။ ပွင့်မှာ မဟုတ်တော့ပါဘူးလေ။ ပွင့်ရင်တောင်မှ ထိန်နေတဲ့ ရာသီဝါတွေပဲ လာမှာပဲ။
ကြက်ခြေနီဘယ်ရောက်နေလဲ မေးတယ်။ တော်တော်ကြီးကို ဇဝေဇဝါ ဖြစ်သွားတယ်။ ငါတို့ဆီမှာ ကြက်ခြေနီဆိုတာ ဘယ်တုန်းကများ ရှိဘူးလို့လဲ။ ဗိုလ်ချုပ်ဈေးထဲ အီတလီသင်္ဘောဆိုက်ဘူးတယ်။ နိုင်ငံတော်အလံမှာ လိဆိုတဲ့ စကားလုံးပါဘူးတယ်။ ကြက်ခြေနီတော့ မသိဘူး။
ဗဟိုအမျိုးသမီးဆေးရုံ ရေခဲတိုက်ထဲက မွေးကင်းစနဲ့ မမွေးနိုင်လို့ ဗိုက်ထဲသေသွားတဲ့ အလောင်း ၁၂၆လောင်းကို မနက်ဖန် သုဿန်မှာ မွန်းလွဲ ၂နာရီမှာ အကုန်လုံး မီးမသင်္ဂြိုလ်ခင် ပိုင်ရှင်ရှိက လာယူပါရန်။ ပုံ၊ ဆေးရုံအုပ်ကြီး။
အဖေချီထားတဲ့ သားလေးက ညကောင်းကင်က မှိတ်တုတ်မှိတ်တုတ်တွေကို လက်ညှိုးထိုးမေးတယ်၊ ဖေဖေရေ၊အဲဒါဘာလဲ။ အဖေက မော့ကြည့်ပြီး ပြောတယ်၊ အဲဒါကမ္ဘာကြီးပေါ့။ အဲဒီမှိတ်တုတ်တွေဟာ ကမ္ဘာကြီးရဲ့ နိုင်ငံအသီးသီးပေါ့။ သားလေးက ခဏစဉ်းစားပြီး၊ သားတို့ကျ ဘယ်မှာနေတာလဲ ဖေဖေ။ ဖေဖေတို့၊ သားတို့လား။ ကမ္ဘာကြီးနဲ့ အလှမ်းအဝေးကြီးဝေးပြီး ရောက်မလာနိုင်တဲ့၊ အာကာသဘီလူး၊မြေဖုတ်ဘီလူး၊ ဘုရားကို အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်တတ်တဲ့ ဘီလူးတွေ နေထိုင်ကြတဲ့ ဂြိုလ်ပေါ်က တွင်းကလေး၊ ကျင်းကလေးထဲမှာပေါ့၊ သားရယ်။
သွေးအိတ်တို့ ပြိုလေရာ၊ သဲအိတ်တို့လည်း မခံသာတော့သည်သာ။ ဂင်္ဂါဝါဠု သဲစုမက အသက်တွေ ဆုံးရှုံးခဲ့ရပြီး လောကပါလ နတ်ကောင်းနတ်မြတ်တို့၏ အလောင်းတွေကိုပင် ဒင်းတို့ ပြန်မပေးပဲ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးပြီလေ။
လူ့ဘဝထဲဝင်ဖို့ ဆီလျှော်ရာသားအိမ် ရှာလိုက်တော့ သားအိမ်ထုတ်ထားတာ မဟုတ်ရင် သားအိမ်တွေ ပျက်စီးချို့ယွင်းနေတာ မဟုတ်ရင်၊ သားအိမ်ဆို တလုံးလုံးမရှိတဲ့ အရပ်ဆီကိုပဲ ရောက်ခဲ့ရပါပကောလေ။ ။
ဇယလ
၎ ဧပြီ၊ ဏာသိမ်း’၂၁