
အဲဒီအုတ်ချပ်တွေကို
မညီမညာစီထားတာ
ကျဆုံးသွားသူရဲ့
ခန္ဓာကိုယ်ဧရိယာလား
လဲလျောင်းသွားတဲ့ အရပ်ရဲ့
ပိုပိုမိုမို အတိုင်းအထွာလား
နည်းနည်းလေး ကျယ်ကျယ်ဝန်းဝန်းလေး
ထားပေးတာ
နဂိုထက်ပို လွတ်လပ်စေဖို့လား
မြန်မာပြည်မြေပုံနဲ့ တူလိုက်တာ
အဲဒီထိပ်က
ခြောက်စပြုလာနေတဲ့
သွေးကွက်ဟာ
ဘယ်လူငယ်အနာဂတ်ရဲ့
ဖြစ်မလာတော့မယ့်
အိပ်မက်လဲ
ဘယ်အိပ်မက်ဟာ
အနာဂတ်ဖြစ်မလာတော့မယ့်
လူငယ်လဲ
သွေးဟာ တဖြည်းဖြည်း
မည်းနက်လာနေတာ
မထင်မှတ်ထားတဲ့
တိုင်းပြည်ရဲ့ ကံကြမ္မာ
ချထားတဲ့ နှင်းဆီပွင့်တွေဟာ
ကျည်ခသူ လူရွယ်လေးလို
လတ်ဆတ်ဆဲ
နီရဲဆဲ
သွေ့နွမ်းသွားတဲ့အခါ
သမိုင်းဖြစ်ရပ်မှန်လို
မဏ္ဍိုင်တစ်ခုလို
အမှတ်ရမိတိုင်းမှာ
အရောင်အသွေးရဲရဲနဲ့
ဖူးပွင့်နေဦးမှာ
မကြာခင်
ခွေးတွေဟာ
လမ်းလာရှင်းကြမှာ
သွေးကွက်ကို
ရေဆေးချလည်း
လမ်းဟာသက်သေရှိဦးမှာ
မှောင်မိုက်တဲ့ကောင်းကင်လမ်းမှာ
ကြယ်တစ်ပွင့်ဟာ
လူငယ်လေးတစ်ယောက်အဖြစ်
မမှိတ်မသုန်
ယုံကြည်ရဲစွာ
လမ်းပြပေးခဲ့တာ …..
ဇယလ
၂ ဧပြီ၊ ဏာသိမ်း ‘၂၁