
ကျွန်းကလေးတစ်ကျွန်းမှာ ညတွင်းချင်းပဲ အရာဝတ္ထုတွေ ပျောက်ဆုံးသွားကြတယ်။ စစချင်းတော့ အသေးအဖွဲပစ္စည်းလေးတွေ၊ ဦးထုပ်တို့၊ဖဲကြိုးတို့ပေါ့လေ။ ပြီး၊ ငှက်တွေ၊ နှင်းဆီပွင့်တွေ၊ သစ်သီးဝလံတွေ။
အရာဝတ္ထုတစ်ခုခု ပျောက်ဆုံးသွားခြင်းဟာ အဆိုပါအရာဝတ္ထုကို အမှတ်ရနေမှုပါ တဖြေးဖြေး ပျောက်ဆုံးသွားခြင်းပဲဖြစ်တယ်။
မကြာခင်မှာပဲ လူတွေရဲ့မှတ်ဉာဏ်မှာ ပျောက်ဆုံးသွားတာတွေကို အမှတ်ရနေခြင်းတွေပါ ပျောက်ဆုံးသွားတတ်ကြတယ်လေ။ ဓာတ်ပုံတွေ၊ ပြက္ခဒိန်တွေ၊ မြေပုံတွေ၊ လှေတွေပါ ပျောက်ဆုံးသွားကြပြီးတဲ့အခါ ကျွန်းသားတွေဟာ ဘယ်ကာလ ဘယ်ဒေသထဲ သူတို့ရှိနေကြတာဆိုတဲ့ အသိပါ ပျောက်ဆုံးသွားကြမယ်။
အဲသလို ပျောက်ဆုံးသွားကြဖို့ ရက်စက်ကြမ်းကြုတ်တဲ မှတ်ဉာဏ်ချေဖျက်ရေးရဲတွေဟာ ကျွန်းကို ပိုက်စိပ်တိုက်ရှာဖွေတယ်။ လူတွေရဲ့အိမ်တွေထဲ အဓမ္မဝင်ရောက်ကြပြီး ပျောက်ဆုံးသွားတဲ့အရာတွေကို တွဲဆက်အမှတ်ရမိနေစေမယ့် ဘယ်အရာဝတ္ထုကိုမဆို သိမ်းယူသွားကြတယ်။
အမှတ်ရမှုတွေ ရှိနေကြသေးတဲ့ လက်တစ်ဆုပ်စာ လူတစ်စုဟာ အဖမ်းအဆီး မခံကြရအောင်၊ ကိုယ်တိုင်မပျောက်ဆုံးသွားကြရအောင် ထွက်ပြေးတိမ်းရှောင်သွားရတယ်။
အရာဝတ္ထုတွေ ပျောက်ဆုံးလေ ကျွန်းသားတွေရဲ့ နေ့စဉ်ဘဝဟာ ပိုခက်ခဲလေ ဖြစ်လာတယ်။ ဒါပေမယ့် သူတို့ဘာတွေပျောက်ဆုံးသွားခဲ့ကြသလဲ ဆိုတာကို သူတို့ကိုယ်တိုင် မမှတ်မိလေတော့ ဝမ်းနည်းကြေကွဲမှုကို သူတို့ မခံစားကြရတော့ဘူးပေါ့။
အဲသလိုနဲ့ အနေအထားသစ်မှာ စိတ်လျှော့လက်လျှော့ပြီး သူတို့ဆက်လက်နေထိုင်သွားတော့တယ်။
သူတို့ရဲ့ ခန္ဓာကိုယ်အစိပ်အပိုင်းတွေ တစ်နေ့တခြားပျောက်ဆုံးသွားကြရတဲ့အထိပဲ။
နောက်ဆုံး၊ စကားသံတောင်မဟုတ်တော့တဲ့ နားစွန်နားဖျာ တီးတိုးသံသဲ့သဲ့တစ်ခုပဲ သူတို့မှာကျန်ရှိလေတော့တယ်လေ။
(စတီဖင်န် စနိုက်ဒါ အင်္ဂလိပ်ဘာသာပြန်၊ မူရင်း ဂျပန်ဝတ္ထုရေးဆရာမ ယိုကို အိုဂါးဝါး ရဲ့ The Memory Police (1994) ဝတ္ထုအကျဉ်းချုပ်ဖြစ်ပါတယ်။)
ဇယလ
၂ဧပြီ၊ ဏာသိမ်း’၂၁