ဘိုနာပတိပါ သေနာပတိရေ
ပရိဒေဝအသားစုံဟင်းလျာ
သွေးထွက်သံယို ဟင်းခတ်အမွှေးအကြိုင် အဆာပလာ
ရုန့်ရင်းရက်စက်ချက်ပြုတ်နည်းနဲ့
သားသမီးအရွယ် ရသာအဖွယ်ဖွယ်နဲ့
ဧည့်သည်ဗိုလ်ပါတို့ ခြံရံလို့
ညစာစားပွဲကြီးလို
လူသတ်ပွဲကြီး တည်ခင်းလို့
မြိန်ရေရှက်ရေ သုံးဆောင်လိုက်ပါလေ
ပတ္တမြားရောင်သွေးကို ဖန်ခွက်ထဲငှည့်လို့
ဧည့်ပရိသတ်ကြီးထံ နတ်မင်းကြီးဟန်နဲ့
သင့်ကိုသင် ပင့်မြှောက်ဂုဏ်ပြုလိုက်ပါလေ
သေစာရင်းတိုးမြှင့် စားပိုးနင့်လို့
ပြစ်ဒဏ်ထမ်းပိုး တိုးဆင့်ခဲ့ပြီလေ
မြိန်ရေရှက်ရေ သုံးဆောင်လိုက်ပါလေ
အောင်သေအောင်သား စားရသလို
သေကောင်းပေါင်းလည်း အရသာတွေ့ပါစေ
အလောင်းတွေ အမယ်စုံတဲ့
မိစ္ဆာစားတော်သတ်ပွဲကြီးမှာလေ
ညပါမရှောင် ချုပ်နှောင်သတ်ဖြတ်
လတ်ဆတ်တဲ့ အသက်တွေ ပူနွေးဆဲ သွေးတွေနဲ့
အရသာပသာဒ စုံလင်လို့
သင့်ရဲ့ နောက်ဆုံးညစာစားပွဲ
သင်ကိုယ်တိုင်ပဲ တည်ခင်းလိုက်ပြီမို့
မြန်ရေရှက်ရေ သုံးဆောင်လိုက်ပါလေ
ဘိုနာပတိပါ သေနာပတိကြီးရေ။ ။
(မစားမသောက်ခင် ပြင်သစ်လို bon appetit ဘိုနာပတိ ‘မြိန်ရေရှက်ရေ သုံးဆောင်ပါလေ’)
ဇယလ
၂၈ မတ်၊ဏာသိမ်း’၂၁
(၂၇ မတ်၊ ၂၀၂၁၊ ရရှိကျဆုံးစာရင်း ၁၅၇)