ခေါင်မိုးထိပ်က ရေတိုင်ကီကနေ ရေတွေခေါင်မိုးပေါ် တဗျောင်းဗျောင်းကျနေလို့ လူကြီးဟာ ကောင်လေးကို အော်လိုက်တယ်၊ ဟဲ့၊ ရေလျှံနေတာ မကြားဘူးလား။ သူတို့နေတဲ့အရပ်က မြို့ထဲကအိမ်တွေမှာလို ပိုက်ကနေ ရေလာတာမျိုး မဟုတ်ဘူးလေ။ အဝီစိတွင်းကနေ ရေစုပ်စက်နဲ့ စုပ်တင်ရတာမျိုး။ မြို့ပြင်မှာနေသူတွေ သိရင်သိကြမှာပေါ့။
ခေါင်မိုးပေါ် ရေကျသံဟာလည်း မသိရင် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေ တရစပ်ပစ်လွှတ်တဲ့ အသံလိုပါပဲ။ မတူတာကတော့ တစ်မျိုးဟာ လူ့အသက်ကို ကြီးမားစွာ ထိခိုက်အနာတရဖြစ်စေတယ်။ မတော်၊ သေတောင်သေစေတယ်။ အသက်အစစ်နဲ့ ကျည်အစစ်တို့ လမ်းကြောင်းတည့်သွားတဲ့အခါပေါ့။ ကောင်လေးက သူ့ကြောင်လေးကို ပေါင်ပေါ်တင်ပြီးပွတ်ပေးနေတာ။ အဖြူပေါ်အမည်းကွက်လေး။ ကြောင်လေးကလည်း တခူးခူးနဲ့ သဘောကျလို့။ ကောင်လေးဟာ ကြောင်လေးကို အသာချလိုက်ပြီး ရေစက်ပိတ်ဖို့ သွားလိုက်တယ်။ အိမ်မကြီးရဲ့ အပြင်မှာရှိတဲ့ သစ်သားအိမ်လေးထဲမှာပေါ့။ ရေစက်ခလုတ်ကိုပိတ်ဖို့ လက်လှမ်းလိုက်တာ ကားတစ်စင်းဖြတ်သွားသံနဲ့အတူ သူ့ကျောထဲ ပူကနဲ ဖြစ်သွားတယ်။ ‘ပူကနဲ ဖြစ်သွားတယ်’ လို့တော့ သူမပြောဘူးပေါ့နော်။ သူဘာမှပြောမှာလည်းမဟုတ်တော့ပါဘူးလေ။ ခွေလျက်သားမှာ ကိုယ်ခန္ဓာဟာ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်သွားတာ။ ဝတ်စုံတွေနဲ့သေနတ်တွေပဲ နောက်ဆုံးမြင်လိုက်တာ။ ဖျောင်းကနဲ အသံကြားလိုက်လို့ ကြောင်ကလေးဟာ နီးစပ်ရာခြုံထဲ ပြေးဝင်သွားပြီး ဝပ်နေတော့တယ်။ အသက်ဆိုတာ သူ့ဗီဇအတိုင်း အန္တရာယ်မှ လုံခြုံရာကို ရှာတတ်တဲ့သဘော ရှိတယ်မဟုတ်လား။ ကိုယ့်အိမ်ဟာ ကိုယ့်အတွက် အလုံခြုံဆုံးပဲ မဟုတ်လား။ ခေါင်မိုးပေါ် ရေတွေဆက်ကျနေတော့တယ်။ အဲဒီကောင်လေးဟာ အဲဒီရေစက်နဲ့အတူ သက်မဲ့ဖြစ်သွားတယ်။ အဲဒီရေတွေဟာ အဲဒီခေါင်မိုးပေါ် ခုထိကျနေတုန်းပါပဲ။ ကြောင်လေးရဲ့ နာမည်ကိုတော့ မသိရသေးပါ။ ။
ဇယလ
၂၇ မတ်၊ ဏာသိမ်း ‘၂၁