၁။
အမှားတစ်ခုကို အမှန်တစ်ရာက မပယ်ဖျက်နိုင်တော့ဘူး
ဆီးဝါထဲမှာ အသက်ဓာတ်ဟာ သွေးပါလာတဲ့ နေကြာပန်းပဲ
မလိုချင်တဲ့ကိုယ်ဝန်လို ဘာသာစကားထဲမှာ ကြီးထွားလာတဲ့
မုသား အပေါစားအသက်တွေ ကာကွယ်ဆေးထိုးဖို့
တန်းစီနေကြချိန်မှာ ယုံကြည်မရတဲ့ အမျိုးအစားထဲ
ဘုရားမှန်မှန်ရှိခိုးကြသူတွေလည်း ပါတာပေါ့
ဒလန်တွေကို ဒလိမ့်တုံးနဲ့ကြိတ်ပစ်ချင်တာ ခါးသီး
၅ထောင်တန်အသစ်တွေလို သတင်းအတုစစ်စစ်တွေလေပွေ
ထောင်ထဲက လူငယ်တွေ အနှိပ်စက်ခံရဖို့ စီတန်းကြရ
ရှင်သန်မှုဟာ တံခါးရိုက်ချိုး စီးနင်းဝင်ရောက်ခံလိုက်ရလေတယ်
၂။
ကဗျာရေးဖို့ အစီအစဉ်မရှိဘူး
အစီအစဉ်အရ အတွေးမှာ ကဗျာမရှိဘူး
သွေးဆူခြင်း သွေးပူခြင်း သွေးတူချင်းနဲ့
တိုးရင်းဆုတ်ရင်း အံတုခြင်းသာ ပကတိကဗျာပဲဖြစ်တယ်
၃။
ဖြစ်စဉ်ကလည်း ဒီလိုပဲ။ ဝဒ်စ်ဝပ်သ်ရဲ့ ‘ကဗျာဆိုတာ ဆိတ်ငြိမ်
အေးချမ်းရာမှာ ပြန်ပေါ်လာတဲ့ အမှတ်ရမှု’ မဟုတ်ဘူး
မတရားမှုကို ပုန်ကန်ရတဲ့ သွေးဦးသားဦးပဲ ဖြစ်တယ်
၎။
မိုးလေဝသသတင်းမှာလည်း မိုးလေဝသအတုနဲ့
ကမ္ဘာ့အကြီးဆုံးဆင်းတုဟာလည်း
အ,မြဲ အ,နေမှာပါပဲ လုံခြုံရာမှာ
ပုန်းအောင်းရှင်နေကြသူတွေအတွက်ပါ
(ဒီထက်မုန်းတာ ငါ့မှာ စာရင်းမဆုံးသေးဘူး
မှတ်မိနေတာ အရှင်လတ်လတ် ဆုတ်ဖြဲခံလိုက်ရတဲ့ အရာတစ်ခု)
လုံခြုံမှုကို တည်ဆောက်ပေးလို့ သေဒဏ်ကျခံရတဲ့
ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်တွေ
ချစ်သူရဲ့ချွေးနံ့အစား အချုပ်ထဲက ချေးအိုးတွေ
ဆီးခုံကို တွင်ခုံလို အသုံးပြု မလိုချင်တော့တဲ့ ဗဂျိုင်းနားတွေ
သွေးလွှတ်ကြောဟာ မူလအလျား ကျုံ့သွားတယ်
ဆရာဝန်တောင် သေနတ်ကိုင်ချင်စိတ် ပေါက်သွားခဲ့ပါတယ်ဆိုမှ
၅။
ဆုံးရှုံးမှုကြီးမရှိတော့ရင် ငါတို့မှာ ရှိလာစရာတွေ
ရှိလို့ကုန်နိုင်မယ်မထင်
အိမ်ကထွက်လာခဲ့ကြတဲ့ အဖူးအငုံလေးတွေဟာ
လမ်းတွေပေါ်မှာ ပွင့်သွားတယ်
အချို့လည်း ပွင့်တဲ့အတိုင်း ကြွေသွားတယ်
မျှော်မှန်းရမှာ အနည်းဆုံးတော့ စိတ်ကူးနဲ့စ
မရရှိခဲ့ကြဘူးတဲ့ နိုင်ငံတော်ကြီးတစ်ရပ်ပေါ့
အဲဒီအတွက်ပဲလို့ ဆက်လက်ကြွေးကြော်နေသေးတာ
နွံထဲမှာ အရိုးတစ်ချောင်းဟာ အလံတိုင်လို မတ်လို့။ ။
ဇယလ
၂၅ မတ်၊ ဏာသိမ်း ‘၂၁