တရားရစရာမရှိခြင်းရဲ့ ပုံတူ

အံ့သြပ၊ ကျည်ပေါက်ထဲသူဝင်သွားပြီး
ပြန်ထွက်မလာတော့တာ သူ့အလောင်းကို သူ့ဒေါသက
ပခုံးပေါ်ထမ်းတင်ပြေးလို့
တန်ဖိုးရှိသယောင် မပြောင်လက်တဲ့ အသက်တွေ
စစ်ခြေနင်းခံ
မြှုပ်နှံလိုက်ရာမှာ အပေါ်ကမြေသားတွေတောင်
တုန်ခါမြေလူးကျန်ခဲ့တယ်

ငါတို့မျက်လုံးတွေ ငါတို့အမုန်းတွေ ငါတို့ရဲ့မခံနိုင်တော့လို့ ထကြွမှုတွေ ငါတို့မှုတ်လိုက်တဲ့နှာသံထဲက အံကြိတ်သံတွေ သတ်ဖြတ်မှုဆုတံဆိပ်တွေ မရှိကြတဲ့ ငါတို့ဗလာရင်ဘတ်တွေ ငါတို့နှလုံးတွေ သည်းခြေတွေ အူတွေ အင်္ဂါတွေ အလိုတူ အလိုအလျောက် အုံကြွမှုတွေ ချစ်သူအတွက် မွေးမြူထားရမယ့် ငါတို့နှုတ်ခမ်းတွေ သောကကင်းရမယ့် ငါတို့နဖူးတွေ အမှန်တရားပဲ ကြားချင်တဲ့ ငါတို့နားရွက်တွေ လက်နက်မဲ့ ငါတို့ရဲ့ ငါတို့လက်နက်တွေ

ငါတို့ဟာ မြသွဲ့သွဲ့ခိုင်တွေ ကေဇဝင်းတွေ ကြယ်စင်တွေအပြင် အမည်မသိအညတြ ကျဆုံးရသူတွေ လမ်းပေါ်မှာ ထောင်ထဲမှာ စစ်ကြောရေးစခန်းမှာ အိမ်ရဲ့ဘုရားစင်ရှေ့မှောက်မှာ ငါတို့ဟာထဘီအလံတွေ ကားတာယာအရံအတားတွေ ရေအိတ်တွေ သဲအိတ်တွေ နင်းချေခံဂျူတီကုတ်တွေ ကျွတ်ကျန်ခဲ့တဲ့ ဘဝဂ်လျှံဘိနပ်တွေ နှလုံးခုန်သံပဲ့တင်ညံတဲ့ နောက်ဖေးလမ်းကြားတွေ ကျောကအရှိုးအရိုးအိမ်တွေ လည်ပင်းမှာ တေ့ပစ်ခံရတဲ့ ရာဘာကျည်တွေ စုတ်ပြဲသွားတဲ့အဆုပ်တွေ ကျိုးကျေသွားတဲ့ နံရိုးတွေ မျက်လုံးတွေစပ်ပြီး အော့အန်နေတဲ့ရပ်ကွက်တွေ သေနတ်ဒင်မှာ ပွင့်ထွက်သွားတဲ့ တံခါးတွေ မသေမရှင် တရွတ်ဆွဲခံရတဲ့လမ်းတွေ အသက်ပြင်းပြင်းမရှူရဲတဲ့ အမိုးနိမ့်ထပ်ခိုးတွေ မထိန်းချုပ်နိုင်တဲ့ တဆတ်ဆတ်အကြောတွေ အကြမ်းပတမ်းမှာခွမ်းကနဲကွဲသွားရတဲ့ ရင်သားနုနုတွေ ချောင်းကြည့်ပေါက်က ဝင်ရောက်လာတဲ့ အပ်ချည်မျှင်အလင်းတန်းတွေ

စကားလုံးတွေမှာ ပြတ်တောက်နိုင်တဲ့ သွေးကြောတွေ
တုန့်ပြန်မှုမရှိရတဲ့ ‘ငြိမ်းချမ်းစွာ’ဟာ
ပျံသန်းစရာကောင်းကင်မရှိတဲ့ ငှက်တွေပဲ
တဖြုတ်ဖြုတ်ကြွေ သန္နိဌာန်ဟာ
ကြေကွဲမှုကို ပခုံးဖက်လိုက်တယ်
နှလုံးသားရဲ့ မြို့စွန်တွေအလွန် တနယ်တကျေးတွေမှာလည်း
ဒို့သွေးသားကြွေးကြော်သံတွေ မြိုင်နေဆဲပါပဲ
ငါတို့ရဲ့ လက်စားပြန်မချေမှုကို
ငါတို့ပြန်အော့နှလုံးနာမနေချင်တာကတော့ တကယ်။ ။

ဇယလ
၁၀ မတ်၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>