လူသေကိုတွေ့လိုက်တော့ လူသေမှာ
အသက်ရှိတုန်းလား
လူသေဟာ အိမ်ပြန်ရောက်လာပြီးမှ
သေဆုံးသွားတာလား
လူသေဟာ လမ်းပေါ်မှာသေနေလို့
အိမ်ကိုပြန်ယူလာခဲ့ရတာလား
လူသေဟာ သေပြီးမှ အိမ်ပြန်လာတာလား
လူသေဟာ သေရာပါဒဏ်ရာတွေကိုဖွင့်ပြသလား
လူသေဟာ ပွင့်ထွက်သွားတဲ့သူ့ဦးခေါင်းကို
လက်နဲ့ဆွဲပြီးပြန်လာသလား
လူသေဟာ နေရမှာကို မသိပဲ သေသွားခဲ့တာလား
လူသေဟာ သေရမှာကို မသိပဲ နေသွားခဲ့တာလား
လူသေဟာ သူ့မိသားစုဝင်တွေကို မှတ်မိပါရဲ့လား
လူသေရဲ့မိသားစုဝင်တွေဟာ လူသေကိုမှတ်မိပါရဲ့လား
လူသေဟာ သူ့ကိုသတ်တဲ့သူကို မှတ်မိနေသလား
လူသေဟာ သူ့အလောင်းသူထမ်းပြီး ပြန်လာခဲ့တာလား
လူသေဟာ ရဲဘော်တွေရဲ့အမည်တွေ
ထုတ်ဖော်ပြောခဲ့လေသလား
လူသေဟာ သစ္စာကို အသက်နဲ့ဖောက်ခဲ့လေသလား
လူသေဟာ ငေါက်ထပြီး လက်ချောင်း၃ချောင်း
ထောင်သလား
လူသေဟာ ငေါက်ထပြီး လက်ခလယ်ကို ထောင်လိုက်သလား
လူသေဟာ သူရဲကောင်းဖြစ်ဖို့ အောင်မှတ်ရရှိခဲ့သလား
လူသေဟာ သေပြီးခါမှ
သွေးသစ္စာကို
သီဆိုနေဆဲလား
လူသေရဲ့ရင်အုံထဲမှာ
ကောင်းရာဘုံဟာမြည်ဟီးနေသလား
လူသေရဲ့မျက်လုံးတွေထဲ မျက်ရည်ယိုဗုံးတွေ့သလား
လူသေကိုယ်တိုင်ဟာ ဗုံးတစ်လုံးလား
လူသေဟာ ပတ်ဝန်းကျင်ကို ဗုံးတွေဖြစ်သွားစေသလား။ ။
ဇယလ
၈-၉ မတ်၊ ဏာသိမ်း’၂၁