တစ်ညလုံးပဲ သည်းကြီးမည်းကြီး
နှင်းဆီနီရဲတွေ
သွန်းဖြိုးရွာချနေခဲ့တယ်
ဆူးတွေရော ခက်တွေရော ရွက်တွေရော ပွင့်တွေရော
လှဲသိပ်ချရာ အိပ်ရာတစ်ခုလုံး စုံးစုံးမြုပ်
မနက် မိုးမစင်တစင်အလင်းထဲမှာ
သံချပ်ကာကားတစ်စင်းဟာ
ကိုယ်တို့ရပ်ကွက်ထဲ အူကြောင်ကြောင်နဲ့
စစ်မှားဝင်လာသတဲ့လေ
သင်းခွေချပ်တစ်ကောင်လို နှာခေါင်းထိုးပြီး ဟိုရှူဒီရှဲနဲ့
မျက်လုံးကျဉ်းကျဉ်းတွေလည်း
မကောင်းတကောင်း တစ်ဘက်ခြောက်စောင်းနဲ့
နောက်ကြောင်းပြန်ထွက်သွားတာမှ
နောက်ပြန်ကြီးကို ပြန်ထွက်သွားတော့တယ်
နောက်ကြောင်းပြန်လို့ မရတော့လို့
ကိုယ်တို့မရခဲ့တဲ့ ကလေးတွေဟာ
ကိုယ်တို့မနေရတဲ့ခေတ်ထဲမှာ လက်နက်ကိုင်ကြပြီး
အထက်အမိန့်ကအစ အောက်လက်ကျွန်စိတ်ကို
ဆားတစ်အိတ် မြစ်ထဲမျှောပြီး တော်လှန်လိုက်ကြတယ်
ဘာသာစကားကို သတိထား
ဘာသာစကားကို သတိထား လို့ပြောရင်း
နေလုံးဟာ သူမရဲ့ မသိမသာလေးကျဉ်းနေတဲ့
ဘယ်ဘက်မျက်လုံးအိမ်လှလှလေးထဲ
မှေးမှိန်မဆင်းသွားခင် နှင်းဆီတစ်ပွင့်
မျက်စမှိတ်ပြခဲ့တယ်
ကိုယ်တို့နိုးတော့ နှစ်ယောက်စလုံးမှာ
နှင်းဆီရဲ့ အဓိပ္ပါယ်သမိုင်းအစ
ဝါကျတွေဟာ ဝါစကတွေဝါစင်္ဂတွေ
ဝိဝါဟမင်္ဂလာနဲ့ ဝါဏိဇ္ဇတွေဖြစ်လို့
စိတ်ရဲ့အစိတ်အပိုင်းတစ်ခုစီဟာ
စိတ်စိတ်ချင်း မမှိတ်မသုန် တဆတ်ဆတ်ချိတ်လို့
ဇယလ
၂၉ ဇန် ကိုဗစ်၂၁