ကဗျာအကြောင်း ပြောပါတယ် (၇၂)

‘ကဗျာ’ ရဲ့အထက်မှာ ဘယ်ကဗျာဆရာမှမရှိဘူး။ ဒါဟာ ‘ကဗျာ’ ပေါ်ဖွင့်ဆိုမှုနဲ့လည်း အများကြီးဆိုင်တယ်။ ဘယ်ကဗျာဆရာမဆိုဟာ သူယုံကြည်တဲ့ ရှိရင်းစွဲ ‘ကဗျာ’ဖွင့်ဆိုချက်ဆီ သွားနေတာမဟုတ်ရင် သူမြင်တဲ့ ‘ကဗျာဆိုတာဘာ’ ဆီ သွားနေတာပဲဖြစ်တယ်။ ကမ္ဘာ့ကဗျာလမ်းကြောင်းဟာလည်း ဒီအတိုင်းပဲ။ ဒါကို ၂၁ရာစုမှာ နောက်ကျမှသိရလည်း ဒီအတိုင်းပါပဲ။

အဲဒီမှာ ဖြစ်ချင်တော့ ရှိရင်းစွဲထိမ်းသိမ်းရေး (‘ငါတို့မပပျောက်ရေး’)နဲ့ ဖြစ်စေချင်တာ ဆန်းသစ်ရေး( ‘ကဗျာ’ ဆိုတာဒီလိုလို့ မိမိတို့ခံစားသိနဲ့ရေရးဖွဲ့တယ်’)ရဲ့ ရှေးကတည်းက ကိစ္စဟာ ရှေးကတည်းကလိုပဲ ကိစ္စဖြစ်လာစမြဲပေါ့။

မြန်မာကဗျာသမိုင်းမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကဗျာဟာ နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေး၊လူမှုရေး၊ကိုယ်ကျင့်တရားရေး စသည်တိုနဲ့ ‘ကစား’ တာမျိုးရှိသလို (အာဏာနဲ့အသုံးချခံရတာမျိုးရှိသလို) ‘ကဗျာ’ရေးအတွက်ပဲနေတာလည်းရှိတယ်။ ‘ကဗျာ’ ပေါ် အဓိပ္ပါယ်ပြု နေထိုင်လှုပ်ရှားဆောင်ရွက်ခြင်း ကိစ္စတွေပေါ့။

လူသား နဲ့ လူ့အဖွဲ့အစည်းဟာ အမြဲညီညွတ်နေတာ မဟုတ်သလို ကဗျာ နဲ့ လူ့အဖွဲ့အစည်းဟာ မျဉ်းဖြောင့်ဆက်ဆံရေးမရှိပါဘူး။ ကဗျာဆရာရဲ့ လူဘဝနဲ့ ကဗျာဆရာဘဝတောင် ပဋိပက္ခဖြစ်သေး၊ မျှခြေရှာမရဖြစ်သေး၊ တစ်ဘက်ဘက်ကို စတေးလိုက်ရတာရှိသေး။

‘ကဗျာ’ ဆိုတာကို နားလည်ဖို့ဟာ ကဗျာ ဆိုတာကို ကျော်ဖြတ်ရသေး။ ‘ကဗျာ’ ဟာ ကဗျာ မဟုတ်သေးဘူး ဆိုတာကို ဥာဏ်အလင်းပွင့်ဖို့လိုသေး။

ကဗျာပုလိပ်တွေ ကဗျာရဲတွေ ကဗျာလက်မရွံ့တပ်သားတွေ၊ကဗျာပါးကွက်အာဏာသားတွေကလည်း ရှိသေး။

ဘူးသီးခြောက်ထဲ သေရည်ထည့်ပြီး တောထွက်ဖို့ရာ လ,သာညပါမရှိတော့တဲ့ တူဖူးငဲ့၊ လိပိုင်ငဲ့။

‘ကဗျာ’ထဲ တကယ်ဝင်ကြည့်ပါ။
‘အများကြိုက်ကို ပါးရိုက်ခြင်း’ ဆိုတာဧကန်ရှိခဲ့ဖူးပါတယ်။
လက်ဝဲစာပေအယူအဆတွေလည်း သူ့ခေတ်နဲ့သူ ‘အလုပ်အကျွေး’ ပြုခဲ့ကြပါတယ်။

သမိုင်းမှာ လူမှုတော်လှန်ရေးမဖြစ်ခင်မှာ အတွေးအခေါ်တော်လှန်ရေးတွေ ကဗျာတော်လှန်ရေးတွေ ဖြစ်ခဲ့ကြပါတယ်။ မြန်မာမော်ဒန်ကဗျာဆို ‘ခေတ်ကတောင်းဆိုလို့’ ဖြစ်ခဲ့တာလား၊ ခေတ်ကို အန္တရာယ်ကြီးစွာဆန်ပြီး ဖြစ်ခဲ့တာလားဆိုတာ အားလို့ယားလို့ မေးတဲ့မေးခွန်း မဟုတ်ပါဘူး။

ဒီလို အမြဲရှုပ်ထွေးနက်ရှိုင်းတဲ့ အနေအထားမျိုးမှာ ကဗျာလည်းနားမလည် ခေတ်လည်းနားမလည် သိမှုဖွံ့ဖြိုးမှုနဲ့ အနုပညာရပ်များ သီးခြားဖွံ့ဖြိုးဖြစ်ထွန်းမှုလည်း နားမလည်။ တစ်ခါကကဗျာတစ်ပုဒ်မှာ စက်ဘီးဘီးပေါက်သံကြားလို့ ဘုံဆိုင်ထဲကသေရည်မူးရင်း အလန့်တကြားအရူးအမူးနဲ့ တော်လှန်ရေး ထအော်တဲ့ အုတ်နီခဲခေတ်လည်း မဟုတ်တော့ပါဘူးလေ။ ကဗျာကို ထိမ်းသိမ်းဖို့ တည့်မတ်ဖို့ (လက်တစ်လုံးခြား) ကယ်တင်ရမယ့်ခေတ်လည်း မဟုတ်တော့ပါဘူးလေ။

” ခေတ်”ဆိုတာ လူတိုင်းအတွက် တူညီတာမျိုးမဟုတ်ပါဘူး။ ‘ကဗျာ’ ဆိုတာကို ပစ္စည်းမဲ့လမ်းစဉ်နဲ့သွားလို့မရသလို ‘မြန်မာမှု’ အမျိုးသားရေး ထိန်းသိမ်းရေးလမ်းစဉ်နဲ့လည်း သွားလို့မရပါဘူး။ ဒါတွေ ကြုံခဲ့ပြီးပြီလေ။

‘ကဗျာ’ ကို ‘ကဗျာ’လမ်းစဉ်အတိုင်းပဲ သွားရတာဖြစ်တယ်။ နိုင်ငံတကာ/ ‘တိုင်းခြား’ကို ရွံမုန်းရွံကြောက်ရင်းက ရွံ’ရှာ’တတ်သူတွေကိုလည်း ၂၀ရာစုမြန်မာကဗျာသမိုင်းကို ‘ကဗျာ’ ဘက်က ပြန်လေ့လာကြည့်စေချင်ပါတယ်။

ခေတ်နဲ့မဆိုင်ဘူး မပြောဘူး။ ခေတ်နဲ့ပဲဆိုင်တယ်လို့လည်း မပြောဘူး။

အခြေခံအဆောက်အအုံနဲ့ အပေါ်ထပ်အဆောက်အအုံဟာ တိုက်ရိုက်ဆက်သွယ်မှု အရိုင်းပြဌာန်း(ခံ)မှု မရှိဘူးလို့လည်း ဖရိဒရစ်က် အိန်းငဲလ်စ် ပြောခဲ့ဖူးပါတယ်။

ကဗျာရဲ့ ‘ကဗျာ’ကို ကြိုးစားနားလည်ကြစို့ရဲ့။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၇ ဇန် ကိုဗစ်၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>