စိမ်းနုစိုအေးမြကို
ကလေးလေးရဲ့ လက်ဖဝါးလေးထဲ ထည့်ပေးပါ
မှောင်မိုက်မှာမှ မီးပျက်ညတွေ၊ နတ်ဝှက်နေ့တွေ၊
ဇီဇာကြောင်တဲ့ အပူအအေး အယူအပေးကြွေးမြည်
ကင်းလို့ပေါ့ အဲဒီတော့မှ ပလာမြင်ကွင်းထဲ
ပြယ်လွင့်စအရုဏ်ရဲ့ တိတ်ဆိတ်တေးသွား အာရုံဖျားမှာ
အဖျားလေးခတ်သွားမှာ
ရေချိုးပြီးလည်း အရေပြားထဲ သဲတရှပ်ရှပ်
နိုင်လိုမင်းထက်တရစပ်လူမှုဘောက်ဖတ်တွေမှ ကင်းပါစေ
ကြုံရ၊ တုန်လှုပ်ရ၊ ယောက်ယက်ခတ်ရ၊ ထမ်းပြေးရ၊ လွှတ်ချရ
ဘာဟီရတွေကလွဲလို့
ဘဝရောင်းဝယ်ဖောက်ကားရေးဈေးကွက်ထဲမှာ
အလှတရားဆိုတာ
ရေတစ်စက်တစ်စက်ကျတိုင်းမှာ ဆတ်ကနဲဆတ်ကနဲတုန်ခါရတဲ့
ရွက်ဖျားနုလေး စိမ်းနုလေးလား
လို့လည်း စက်ထဲလက်ထိုးမေးစရာ
မလိုချင်တော့မှ လိုချင်စိတ်ဟာ
ငါးစိမ်းသည်ဗန်းပေါ်က အကြေးခွံခွားပြီးသားငါးဟာ
ထထခုန်လို့
ပက်ပင်းတိုးလို့ ကိုယ့်ကိုကိုယ်မြင်လိုက်ရသလို
ရေဝဲထဲ အသစ်ကလေးကို ငါးက ရေအောက်ဆွဲငုပ်သွားခဲ့တယ်
မျဉ်းပြိုင်ဒုန်းစိုင်းပြေးလာကြတဲ့
ပြိုင်မြင်းတွေမှာ
မေးခွန်းတွေပဲ စီးနင်းခံ ဝန်းရံနေကြတာ
ဝှက်ထားတဲ့ ပဟေဠိလေစိမ်းထဲ
တောင်ပံဦးကို ဖျတ်ဖျတ်စမ်းသပ်ခတ်ရတဲ့ လူလိပ်ပြာ
ပဒုမ္မာ လရောင်ရည်ပတ် တလျှပ်လျှပ်
အကြင်နာ ကောင်းကင်ကြီုးတန်းပေါ်မှာ ဝိုးတဝါး
ယုံကြည်မှုကို တလွဲယုံစား ယုံ့ရွဲ့သွားခဲ့တာ
လမ်းပေါ်ငေးစဉ် ယဉ်ကျေးမှုဟာ
ခေါင်းပေါ် နွားချေးမြေဆွေးထုပ်ကို
ရောင်းဖို့ရွက်လာတာ
ဆင်းလာတဲ့ အလင်းလေးရဲ့
သက်ပြင်းမှုတ်သံ နားထောင်ပါ
အာယုဇီဝစီးနင်းလို့ ကြီးပြင်းရမယ့် ကလေးပမာ
ဇယလ
၁၀ ဇန် ကိုဗစ်၂၀