ကျမရဲ့အောက်ကအံဆွဲကို ရှင်သိပ်ဖွင့်ချင်တယ် မဟုတ်လား
အဲဒီထဲမှာ သွက်သွက်ခါရူးနေတဲ့ ကျမအမေ ပေါင်နှစ်ဘက်
ကားပြီး လုပ်ပါ လုပ်ကြပါ ငါ့ကိုတစ်ယောက်ယောက်
လုပ်ကြပါ လို့ အော်နေတယ် အဖေ့ဖခင်စိတ်နဲ့
နယ်မြေသတ်မှတ်ခွေးသေးပန်းသလို
ဝင်ရောက်စူးစမ်းတဲ့ ခြေရာလက်ရာတွေလည်း ရှိသပေါ့
အစိုးရတွေလို ပျက်ပျက်ကျတဲ့ လ,နီတွေလည်း ရှိကြတယ်
ကျမရဲ့အလိုဆန္ဒသံဆူးခွေတွေ ရှိတယ်ဆိုတာလည်း
ကျမမျက်လုံးထဲ ရှင်မြင်ပြီးပြီ ထင်ပါတယ်
လောကထဲ မျက်နှာမဖော်ရဲပဲ အထီးကျန်နေရဖို့
ရှင့်အိပ်မက်ချက်ကြိုးကို ဖြတ်ပေးမယ့်
ကတ်ကြေးတစ်လက်လည်း အဆင်သင့်ရှိပါတယ်
ကျမကိုကျမ မွှမ်းထားတဲ့ သွေးတွေဟာ
အဲဒီကိုပဲ အိမ်ပြန်ကြသလို စီးဆင်းတယ်
ရှင့်မိန်းမနဲ့ကလေးတွေကို အိမ်မှာမီးရှို့ပြီးပြီလား
ထရွိုင်းမြို့ပြကြီး မီးလောင်နေတာ
ကျမရဲ့အံဆွဲပေါ်က အမွေးတွေပေါ့
ကျမလျှာဟာလည်း ရှင့်ရဲ့သွေးကို ဘုရားသခင်လို
ငတ်မွတ်နေမယ်ရှင့် ရှင့်သတ္ထုချော်ရည်နဲ့
ရှင့်မကောင်းဆိုးဝါးတွေကိုလည်း ရှင့်ကိုအမဲလိုက်ဖို့
ဒီညဥ့်နက်တောအုပ်ထဲကပဲ ပြန်လွှတ်ပေးလိုက်မယ်
ရှင်တူးဖော်ရမယ့် စေတီခေါင်းလောင်းဟာလည်း
ဒီထဲမှာပဲမြုပ်နေတယ် တြိရတနသံစဉ်နဲ့
ရှင်စွဲလမ်းတဲ့ ကြယ်တစ်ပွင့်ဟာ ဒီထဲမှာပဲ ခါချဉ်တွေ
အုံနေကြတဲ့ ဒဏ်ရာကြီးတစ်ခုပေါ့
ဒီထဲမှာပဲ ပျက်ကျခဲ့တဲ့ သန္ဓေလို ရှင့်ကိုမွေးထားချင်ပါတယ်
ကျမကိုလည်း ဒီထဲကထွက်ရအောင်
ကျမရဲ့အောက်ကအံဆွဲကို ဖွင့်ပေးပါတော့လား ရှင်ရယ်…
ဇယလ
၅ ဇန် ကိုဗစ်၂၁