ဖော်ဝေး၊ အောင်ချိမ့်၊ သိဒ္ဓတ္ထလှိုင်တို့ဟာ နိုင်ငံရေးအယူမှာ မာ့ခ်ဆစ္စတ်တွေဖြစ်ကြပြီး အနုပညာအယူမှာတော့ ဆိုရှယ်လစ်သရုပ်မှန်ကို လက်မခံကြတဲ့ ‘မော်ဒန်’သမားတွေ ဖြစ်ကြတယ်။ အဲဒီ ‘၆၀ခုနစ်များနဲ့ ‘၇၀ ခုနှစ်များမှာ ဗကပ ရှိတယ်။ နေဝင်းစစ်အစိုးရ ရှိတယ်။ ဆိုရှယ်လစ်တွေလည်း ရှိတယ်။
ကဗျာမှာ ဒဂုန်တာရာရဲ့ လက်ဝဲအယူ စာပေသစ်ရှိတယ်။ ‘ပြည်သူ့’စာပေပေါ့။ နောက်ပိုင်း တော်လှန်စာပေနဲ့ နိုင်င်ငံတကာ(လက်ဝဲ) ကဗျာအယူအဆတွေ ဆက်ပေါ်လာကြတယ်။မောင်ယဉ်မွန်၊ မောင်လေးအောင်၊ မောင်သင်းခိုင်၊ စတဲ့လက်ဝဲကဗျာဆရာတွေ ရှေ့တန်းရောက်လာကြတယ်။ မိုးဝေမဂ္ဂဇင်းဟာမဏ္ဍိုင်ပေါ့။ မိုးဝေမှာပဲ သိဒ္ဓတ္ထလှိုင်၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့ဟာ ‘ပြည်သူ့’ကဗျာတွေရေးခဲ့ကြတယ်။ မောင်ချောနွယ်ဟာ တော်လှန်ကဗျာအုပ်စုမှာ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ‘မော်ဒန်’ ကဗျာဘက် လှည့်လိုက်ကြတာ ဖြစ်တယ်။ လူတန်းစားတိုက်ပွဲကို တိုက်ရိုက်အကျိုးမပြုတဲ့ ကဗျာအမျိုးအစား။ အဲဒီတုန်းက ‘ခေတ်ပေါ်ကဗျာ’ကို အနောက်တိုင်းက တင်သွင်းလာတဲ့ ဘူဇွာကဗျာလို့တောင် မောင်သင်းခိုင်က တိုက်ခိုက်ခဲ့ဘူးတယ်။ ‘မော်ဒန်ဆို တော်လှန်ရမယ်’လို့လည်း ကြွေးကြော်ခဲ့ဘူးတယ်။
‘ကဗျာအသစ်’လိုချင်ခြင်းဟာ သော့ချက်ပဲလို့ ပြောနိုင်မလားပဲ။ ခေတ်ပြိုင်ဟောလိဝုဒ်ရုပ်ရှင်တွေလည်း ကြည့်ရ၊ အမေရိကန်ဝါဒဖြန့် Life မဂ္ဂဇင်းလည်း ဖတ်ရ၊ ပင်ဂွင်းထုတ် ခေတ်ပြိုင်နိုင်ငံခြားကဗျာတွေလည်း ဖတ်ရ၊ ပို့စ်တ်-ဘိ(တ်) ဆိုက္ကဒဲလစ်က် ပဋိယဉ်ကျေးမှုအကြောင်းတွေလည်း သိရ၊ ဆံပင်ရှည်ကြီးတွေ ထားကြနဲ့ နေထိုင်မှုပုံစံကိုယ်တိုင်က မြန်မာ့ဆိုရှယ်လစ်လူ့ဘောင်နဲ့ မဆီမလျော်တွေ ဖြစ်ခဲ့တယ်။ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ပုန်ကန်လိုစိတ်ပေါ့။
အဲဒီ၁၉၆၀ခုနှစ်များနှောင်းပိုင်းကနေ ၁၉၈၀ခုနစ်တွေအတွင်း ‘မော်ဒန်’ / ‘ခေတ်ပေါ်’ ကဗျာပေါ်ပေါက်လာခဲ့ခြင်းကို နိုင်ငံရေးနောက်ခံလေ့လာချက်၊ ခေတ်ယဉ်ကျေးမှုလေ့လာချက်၊ ကဗျာဗေဒလေ့လာချက်တို့ကို လူပုဂ္ဂိုလ်တွေကိုယ်တိုင် ပြောကြားချက်တွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းလေ့လာမှ ပိုပီပြင်တဲ့မြင်ကွင်းကို ရရှိမယ်လို့ ထင်ပါတယ်။
ဒီကိစ္စဟာ သမိုင်းဝင်ဖြစ်သွားပေမယ့် သမိုင်းမှာကျန်ရစ်ခဲ့တာ မဟုတ်ပဲ ဒီနေ့ခေတ်ပြိုင်ကဗျာနဲ့လည်း ပတ်သက်နေတယ်ဆိုတာ တွေးတောဆင်ခြင်သိမြင်စရာ ဖြစ်တဲ့အတွက် ခေတ်လူငယ်တွေနဲ့လည်း တစ်နည်းနည်းအားဖြင့် ဆိုင်တယ်လို့ မြင်ပါတယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၅ ဇန် ကိုဗစ်၂၁