ကဗျာအကြောင်းကို ပြောခဲ့ကြတာ နှစ်ပေါင်းထောင်နဲ့ချီပါပြီ။ အဲဒါကိုပဲ အခုထိပြောနေရ၊ ပြောနေကြတုန်း၊ နောင်လည်း ပြောကြဦးမှာပဲ။
ပြောကြတဲ့အချိန်မှာ ပြောသူရဲ့ ကဗျာဆိုင်ရာသိမှုအနည်းအများ၊ အတိမ်အနက်၊ ခံယူချက်၊ ပုဂ္ဂလိကခံစားမှု စသည်တို့နဲ့ယှဉ်ပြောကြတာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလဓိဌာန်ဘက် အများကြီး ပါနိုင်ပါတယ်။
“ကဗျာ” ဆိုတဲ့အမြင်ပေါ်မှာရယ်၊ ကဗျာနဲ့လောကီလောကုတ္တရာ ပတ်သက်နေမှုတွေအပေါ်မှာရယ် ပြောဆိုကြတာပဲ ဖြစ်ပါတယ်။
ခက်တာက ရိုးရှင်းတဲ့ကိစ္စတစ်ခုပါပဲ။ အခြားမဟုတ်ပါဘူး၊ မေးခွန်းတစ်ခုလေးရယ်ပါ၊’ ကဗျာဆိုတာဘာ’။ အဲဒီမေးခွန်းကိုဖြေဖို့ အလုပ်၂မျိုးလုပ်ဆောင်ခဲ့ကြတာ သမိုင်းတလျှောက်ပါပဲ။ ပထမက အဆိုပါ’ကဗျာ’ဆိုတာကို အတွေးအမြင်၊ ထင်မြင်ယူဆချက်၊ ရှုထောင့်၊ သီအိုရီ စသည်တို့နဲ့တည်ဆောက်ပြချက်တွေပြုလုပ်ခြင်းဖြစ်ပြီး ဒုတိယကတော့ လက်တွေ့ဖန်တီးပြခြင်းပဲဖြစ်ပါတယ်။
ဒီနှစ်ချက်ဟာ ပေါင်းကူးပေါင်းစပ်နေတာလည်း ရှိသလို ပေါင်းကူးပေါင်းစပ်ပုံအမျိုးမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကိုလူမျိုးရှုထောင့်ကမကြည့်ပဲ ကမ္ဘာ့ကဗျာသမိုင်းတလျှောက်လုံးကနေ ဒီနေ့ ကြာသာပတေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၀ အထိပါပဲ။ ဒါတောင် ထုတ်ဖော်ရခြင်း မရှိသေးတာတွေ၊တွေးဆဲမှာ အစာချေနေတာတွေလည်း များစွာရှိပါသေးတယ်။
“‘ကဗျာ’ဆိုတာဘာ”။ ယနေ့အထိ ဝိရောဓိမဲ့ ယတိပြတ်တိကျတဲ့ ဖွင့်ဆို၊မိန့်ဆိုချက် မရှိသေးပါဘူး။ အဘိဓာန်ဖွင့်ဆိုချက်တွေဟာ သုသာန်လိုမဟုတ်ရင် ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းတွေလို ဖြစ်ခဲ့ပါပြီ။ ‘အနုပညာဟူသည်’လည်း ထိုနည်း၎င်း။
ဆိုတော့ ကဗျာဆိုင်ရာပြဿနာအားလုံးရဲ့ဗဟိုချက်ဟာ ‘ကဗျာဆိုတာဘာ’ပဲ ဖြစ်တယ်လို့ ကျနော်ရိုးသားစွာမြင်ပါတယ်။ ကျနော့်ဦးနှောက် သေးသေးသိမ်သိမ် ပိန်ပိန်ညှောင်ညှောင် သာမညောင်ညလောက်တောင် ဘောင်ဝင်ချင်မှဝင်မယ့် စဉ်းစားခြင်းကိရိရာရဲ့အလုပ်အကျိုးရလာဒ်ပါပဲ။
အဲဒီတော့ ကောင်းကင်လိုမဟုတ်ရင်စကြဝဠာလိုပွင့်ဟကျယ်ပြန့်နက်ရှိုင်းသွားတဲ့အရာကို ကျနော်တို့အချဉ်းကပ်နိုင်ဆုံးဟာ အတ္တနောမတိရဲ့အပိုင်းတော်တော်များများကြီးပါပါတယ်။ သိမှုနယ်ပယ်ကျဉ်းမြောင်းပြီး ပုဂ္ဂလခံစားမှုနယ်ပယ်ဟာပိုကျယ်ဝန်း၊ပိုအားပြင်းတဲ့အနေအထားမှာ သိမှုဟာ မလိုလားအပ်ဖွယ်ရာအနှောက့်အယှက် ဆူးညှောင့်ခလုတ်တောင်ဖြစ်တတ်တဲ့သဘောတွေရှိပါတယ်။ သိမှုဟာလည်းအစဉ်ဖွံ့ဖြိုးနေတော့ လက်ရှိသိမှုဟာလည်း မွေးနေ့မှာတခုတ်တရတန်ဘိုးထားနေရတဲ့ကိတ်မုန့်အသိုးလည်းဖြစ်နိင်ပါတယ်လေ။
ကဗျာကကျနော့်ကိုမတူသလိုမတန်သလို ခနဲ့သလိုရွဲ့သလို ကျနော့်နား မကြားတကြားတီးပြတဲ့စောင်းကတော့ diversity မတူကွဲပြားမှုကို မုဒိတာပီတိနဲ့လက်ခံစေခြင်းတေးသံပဲဖြစ်ပါတယ်။
ဘဝဆိုတာကို ကျနော်တို့ ဘယ်လောက်သိပြီးသတုန်း။ ပကတိအရှိတရား (ဝါ) ဓိဌဓမ္မ( ဝါ) အစစ်အမှန်လောကထဲ ဘယ်လောက်ရောက်ရှိခဲ့ပြီလဲ။ အဇ္ဈတ္တဆိုတဲ့ အတွင်းသဏ္ဍာန်၊ အတွင်းစိတ်၊ ‘မသိစိတ်’ လောကထဲ ဘယ်လောက်ကျဉ်လည်ခဲ့ပြီလဲ။ အများသိ အများလက်ခံ မဟုတ်သေးသမျှ ကဗျာဖြစ်ဖြစ် ကဗျာအကြောင်းဖြစ်ဖြစ်ဟာ ဆယ်ပေဝါးလုံးတစ်လုံးနဲ့ တို့ထိခံ တွန်းဖယ်ခံ ထိုးနှက်ခံရတာလည်း လောကီဓမ္မတစ်ခုရယ်ပေါ့။
‘ကဗျာ’ ကို ဘယ်အလိုကြောင့် ဘယ်ရှုထောင့်က ချဉ်းကပ်မလဲ။ ဘာသာစကားနဲ့ စိတ်ရဲ့အလုပ်လုပ်ပုံတို့ကို ဘယ်အယူအဆအသစ် (မသိသေးရင်အသစ်)နဲ့ စူးစမ်းရှာဖွေ တီထွင်တည်ဆောက်ပြမလဲ။ ကဗျာကို ဘဝရဲ့ တန်ဘိုးနှုန်းစံတစ်ခုအနေနဲ့ သံသယရှင်းရှင်း လက်ခံထားနိုင်ရင် ကဗျာနဲ့ပတ်သက်လို့ ပြောတာတွေကော၊ ကဗျာလက်တွေ့ဖန်တီးပြုလုပ်ချက်တွေကောဟာ သူ့နေရာနဲ့သူ၊ သူ့တန်ဘိုးနဲ့သူ၊ သူ့စည်းမျဉ်းကန့်သတ်ချက်နဲ့သူ၊ သူ့ဝမ်းထဲကပဲ ဖောက်ထွက်ပြီး သူ့ကိုတော်လှန်မဲ့သူ ပါရှိလာပြီးသားပဲ ဖြစ်ပါတယ်။
လူ့ဘဝမှာ အံသြစရာတစ်ခုထုတ်ပြပါဆိုရင် အရည်အသွေးပြည့် ပေမီထောက်မီ မိမိရဲ့ဘဝဖြစ်တည်မှုကို စူးရဲအလင်းထဲ ပစ်သွင်းလိုက်တဲ့ ကဗျာကို ကျနော်ချက်ချင်း လက်ညှိုးထိုးဦးညွတ်ပြလိုက်မှာပဲ ဖြစ်ပါတယ်။
ကျန်တာကတော့ သွားရင်းလာရင်း စိတ်ဝင်စားဘွယ် ကောက်ကိုင်ကြည့်ရတဲ့ ကစားစရာလေးတစ်ခုခုပေါ့။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၂၄ ဒီ ကိုဗစ်၂၀