ကဗျာအကြောင်း ပြောပါတယ် (၆၆)

၁၉၆၀-၁၉၇၀ ကာလတွေမှာ အမေရိကန်ကဗျာလောကမှာ ဆူရီယလ်လစ်ဇင်မ် ခေါင်းထောင်လာခဲ့တယ်။ ၁၉၂၀ခုနှစ်များနှောင်းပိုင်းကနေ ဒုတိယမ္ဘာစစ်အပြီး အမေရိကန်ကဗျာလောကမှာ ဆူရီယလ်လစ်ဇင်မ်ကဗျာနဲ့ မဂ္ဂဇင်းတွေရှိနေပြီး ဖစ်လစ်ပ် လာမန်းရှား၊ ချားလ်စ် ဟင်နရီ ဖော့ဒ်၊ ယူဂျီးန် ဟိုးလာ့စ်တို့ပေါ်လွင်ခဲ့ကြပေမယ့် သူတို့ကို ဥရောပ(ပြင်သစ်)ဆူရီယလ်သမားတွေလို့ခေါ်ခဲ့ကြတယ်။

အမေရိကန် ဆူရီယလ်လစ်ဇင်မ်လို့ခေါ်တဲ့ ဆူရီယလ်လစ်ဇင်မ်ကို အမေရိကန်မှုပြုလိုက်တာကတော့ ၁၉၆၀ခုနှစ်တွေမှာစခဲ့တယ်။ အဲဒီကာလက ကွန်ဖက်ရှင်နလ်၊ ဘိ(တ်)၊ ဘလက်(က်)မောင်တင်န်၊ ဆဲန် ဖရဲန်ဆစ္စကို ရီနေဆော့န်စ်၊ နျူးယော့က် စတဲ့ကဗျာဂိုဏ်းတွေနဲ့အပြိုင် ဒိ(ပ်)အစ်မေ့ဂ်ျဂိုဏ်းလည်း ပေါ်လာတယ်။

ဘိ(တ်)(ဂင်းန်စ်ဘာ့ဂ်) နဲ့ နျူးယော့က် (အက်ရှ်ဘရီ၊ ကို့ခ်၊ အိုဟာရာ၊ ဘာဘရာ ဂက်စ်တ်) တို့ကို လွှမ်းမိုးခဲ့ပေမယ့် ဆူရီယလ်နဲ့ထဲထဲဝင်ဝင်ပတ်သက်ခဲ့တာကတော့ ဒိ(ပ်)အစ်မေ့ဂ်ျပဲဖြစ်တယ်။ ဒါပေမယ့် ဆူရီယလ်လစ်ဇင်မ်နဲ့ ကွဲပြားခြားနားတာတွေရှိတယ်။

(၁) ကဗျာအတွက်အသုံးပြုခြင်း၊
(၂) ဖရွိုဒ်ထက် ယွန်းဂ်(Carl Jung)ဘက် လိုက်ခြင်း၊
(၃) ပြင်သစ်ဆူရီယလ်လစ်ဇင်မ်ထက် စပိန်/လက်တင်အမေရိက (လော်ရ်ကာ)ဘက်လိုက်ခြင်း၊ ဘလိုင်းဝ် Robert Bly ရဲ့ Leaping Poetry ကဗျာအယူအဆမှာ သိစိတ်-မသိစိတ်-သိစိတ် ဆိုပြီး သိစိတ်ထံပြန်လှည့်သွားခြင်း

တို့ဖြစ်ပါတယ်။ ဒိ(ပ်)အစ်မေ့ဂ်ျကဗျာဆရာတစ်ဦးဖြစ်သူ ဂျေးမ်စ်ရိုက်တ် James Wright ဆိုရင် သူ့ကဗျာကို ဆူရီယလ်လို့ပြောတာ မကြိုက်ဘူး။ ‘အဲသလိုဆို ကျနော့်ကဗျာဟာ မအောင်မြင်ဘူးပေါ့ဗျာ’ လို့တောင် ပြောခဲ့သေးတယ်။

အဲဒီခေတ်က ဒိ(ပ်)အစ်မေ့ဂ်ျကဗျာဟာ ခေတ်ပြိုင်ကဗျာတွေထဲမှာ နိုင်ငံရေးအရောင်အတောက်ဆုံးဖြစ်ခဲ့တယ်။ဗီယက်နမ်စစ်ဆန့်ကျင်ရေးတိုက်ပွဲမှာ ရှေ့တန်းကပါခဲ့တယ်။ (the key collection တိုက်ရဲ့ ၂၀၁၈ထုတ် “ဒိ(ပ်)အစ်မေ့ဂ်ျကဗျာ မိတ်ဆက်” – ဇေယျာလင်း ရှု)။ ရောဘတ် ဘလိုင်းဝ်၊ ဂျေးမ်စ် ရိုက်တ်၊ ဒဗ္ဗလ်ယူ အက်စ် မာဝင်တို့၃ဦးဟာထင်ရှားခဲ့ကြပါတယ်။ အဲဒီကာလက စာပေပညာရှင်တွေကြားဝိဝါဒကွဲပြားကြတာတွေလည်းရှိခဲ့ပါတယ်။ ‘ဒိ(ပ်)အစ်မေ့ဂ်ျကဗျာကို ဆူရီယလ်လို့ခေါ်သင့်မခေါ်သင့်။

American Surrealism လို့နာမည်တပ်ခေါ်လာကြတာကတော့ ဘလိုင်းဝ်တို့လိုက်လာကြတဲ့မျိုးဆက်ပဲဖစ်ပါတယ်။ James Tate၊ Charles Simic တို့အထူးပေါ်လွင်ခဲ့ပါတယ်။ American Surrealist လို့အခေါ်ခံခဲ့ကြပါတယ်။ James Tate ကိုဆိုရင် ကဗျာဆရာမ Claudia Keelan က ‘High Priest of American Surrealism’ ‘အမေရိကန် ဆူရီယလ်လစ်ဇင်မ်ရဲ့ဂုရုကြီး’ လို့တောင်ခေါ်ခဲ့ပါတယ်၊အဲဒီခေတ်က လူငယ်ကဗျာဆရာတွေအတွက် တေ့တ်ဟာခေါင်းဆောင်ကြီးပါပဲ။ ဒါတောင် သူဟာ ၂၃နှစ်လောက်ပဲ ရှိသေးတယ်။

၁၉၇၀ခုနှစ်တွေမှာ အမေရိကန်ကဗျာလောကမှာ အထင်ကရကဗျာဆုကြီးတွေဆွတ်ခူးခဲ့ကြသူတွေဟာလည်း ဒီ အမေရိကန် ဆူရီယလ်လစ္စတ်တွေပါပဲ။ ၁၉၈၀ခုနှစ်တွေမှာ အမေရိကန်ဆူရီယလ်ဟာငုပ်လျှိုးသွားခဲ့တယ်။

ပညာရှင်တွေအလိုအရ

(၁) မူလဆရာကြီးသုံးပါးထဲက ရိုက်တ်ကွယ်လွန်ခြင်း၊ဘလိုင်းဝ်ဟာ Men’s Movement လှုပ်ရှားမှုဘက်ရောက်သွားခြင်း၊နဲ့ မာဝင်န်ဟာ ecology ဂေဟဗေဒဘက်ရောက်သွားခြင်း၊
(၂) ပို့စ်မော်ဒန်အယူအဆတွေဝင်ရောက်လာခြင်းနဲ့အတူ Language Poetry (LP) ခေါင်းထောင်လွှမ်းမိုးလာခြင်းနဲ့
(၃)နောင်မှာ အမေရိကန် ကွန်တမ်ပရီကဗျာလို့ခေါ်တွင်လာမယ့် အစောပိုင်းကဗျာတွေထဲရောဝင်သွားခြင်း

တို့ ဖြစ်ပါတယ်။

၂၁ရာစုအစပိုင်းမှာ နီယို-ဆူရီယလ်လစ်ဇမ်၊ LP နဲ့ ဆူရီယလ်လစ်ဇင်မ်တို့ကိုပေါင်းစပ်တဲ့ Surreal Langpo စတာတွေပေါ်ပေါက်လာပါတယ်။

ဒီနေ့ အမေရိကန်ခေတ်ပြိုင်ကဗျာတွေမှာတော့ ဆူရီယလ်နည်းနာတက္ကနိတွေဟာ နေ့စဉ်သုံးလို ဖြစ်လာကြပါပြီ။

ဒါနဲ့ပတ်သက်လို့ ကျနော်တွေးမိတာတစ်ခုရှိတယ်။ မြန်မာမော်ဒန်ခေတ်ဦးဟာ အမေရိကန် ဆူရီယလ်ခေတ်နဲ့အပြိုင်ဖြစ်ခဲ့ပြီး ကိုဖော်ဝေးတို့၊ ကိုသစ်မင်းတို့ဟာ သူတို့နဲ့ခေတ်ပြိုင်ဖြစ်တဲ့ အမေရိကန် ဆူရီယလ်ကဗျာတွေနဲ့ ထိတွေ့ခဲ့ကြမယ်လို့ ကျနော်ထင်တာထက် များပါတယ်။ အဲဒီမှာ ‘မော်ဒန်’ ဆိုတာ ပေါင်းန်ဒ်တို့ အဲလိယစ်တ်တို့ရဲ့ modernism ထက် ‘ခေတ်သစ်/ခေတ်ပေါ်’ လို့ အဓိပ္ပါယ်သက်ရောက်တဲ့ ကဗျာဘက် ပိုရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ မြေချစ်သူ၊ သစ္စာနီတို့ရဲ့ကဗျာတွေမှာ ဆူရီယလ်(နည်း)အငွေ့အသက်တွေ တွေ့ရတာဖြစ်ပါတယ်။ နောက်တစ်ချက်က အဲဒီတုန်းက ဆူရီယလ်နဲ့ပတ်သက်လို့ ဆရာမြဇင်၊ ဆရာနိုး၊ ဆရာမောင်စွမ်းရည်တို့က တစ်မျိုးမြင်ခဲ့ကြပေမယ့် ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ် စသည်တို့က နှစ်သက်လက်ခံခဲ့ကြတဲ့သဘောတွေ တွေ့ရှိရပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးနဲ့ ဆူရီယလ်လစ်ဇင်ဟာ ပြင်သစ်ထက် အမေရိကန် ဆူရီယလ်လစ်ဇင်မ်နဲ့ အတိုင်းအတာတစ်ခုအထိ နီးစပ်ကောင်းနီးစပ်ခဲ့မယ်လို့ ယူဆရပါတယ်။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၉ ဒီ ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>