ဟုတ်ပါပြီတဲ့၊ ဒါဆို ခဲပတ်ခွာလိုက်တော့ အဲဒီစိတ်ဟာ အငွေ့တထောင်းထောင်းနဲ့ ပက်လက်ကလေးပဲလား။ ဆုပ်နယ်ပြီး မြေကြီးနဲ့လုပ်လို့ရတဲ့အရာတွေထဲမှာ လူလည်းပါတယ်။ ဗုဒ္ဓကတော့ ဓာတ်ကြီး၃ပါးထပ်ပေါင်း။ ၅ပါးပြည့်ဖို့ ကိုရင်လေးပါ ထည့်လိုက်ရတယ်ဆိုပဲ။
အဲသလိုတွေပြောနေကြတာဟာ စကားတွေကွဲပြီး အဓိပ္ပါယ်ကတော့မြူပဲ။ ကိုယ်ပြောခဲ့ပါတယ်။ကိုယ့်မှာ ပြောခွင့်ကြုံရတုန်းကပေါ့။ ခင်္ဗျားတို့ဟာ တစ္ဆေတွေမဟုတ်ရင် တစ္ဆေတွေမွေးတဲ့ ကြောင်တွေပဲလို့။ အဲဒီမှာ ညစာမစားခင် လေယာဉ်ဟာ၂ကြိမ်ဆိုက်သွားတယ်။ မတည်မြဲခြင်းနိယာမဟာ တက္ကစီထွက်တားတယ်။
ပြောပါဦး၊ ခင်္ဗျားရဲ့ ရွှေအနာဂတ်အစီအစဉ်တွေ။ နေဦး၊ ဒီမှာဘီယာငတ်လာပြီ။ သွားကြစို့လေ မင်းနဲ့ငါ တံတားလက်ရမ်းကနေ သွားခုန်ချချေပေါ့ သင်လိုချင်နေတာ မိမိရရ ရမရနဲ့ ရလိုရငြား နဖူးတွေ့ဒူးတွေ့ ဟိုအောက်မှာစီးနေတဲ့ ယာဉ်ကြောဟာ မိမိတို့ကို စိတ်ကူးနေပြီး ခင်္ဗျားကို ဇာတ်လမ်းလုပ်လိမ့်မယ်။ မင်းနှယ် ငါ့ကို တလားပီးယားတစ်ကောင်လို အရသာရှိခြင်းဆီ မောင်းနှင်နေတော့တာပါပဲလား။ သံပုရာခြမ်းဟာ သင့်ကိုညှစ်ဖို့ပြင်နေတဲ့ ကမ္မရုပ်နဲ့။ ဘယ်သူမဆိုဟာ ကိုယ့်ကိုကိုယ် ကိုယ်ပြည့်ပြည့်ဝဝမဖြစ်နိုင်တဲ့ တစ်ကွက်ကျော်ကွက်လပ်တွေချည့်ပဲ။
အဆင်ပြေအောင် နေရတာပဲပေါ့၊ အကိုအမရာ။ ကိုယ်ဟာရွေ့နေတယ်လို့ ယုံကြည်မိတဲ့အရပ်မှာ မြေကြီးလို သုတ်၊ သွေး၊ တံတွေး၊ ကျင်ငယ်၊ မျက်ရည်တို့ပေါင်းဖွဲ့လို့။ မိုးပျံရထားတို့ မိုးမျှော်တိုက်တို့ ဖြစ်ခွင့်ရရင်တောင် မိုးကိုပဲမျှော်နေမိရင်း ရင်းနှီးလာရတဲ့မြေသားဆီ နောင်မှစမြုံ့ပြန်မိတဲ့ သက်တံအပိုင်းအဆတွေကို ထင်ယောင်ထင်မှား လက်ထဲဆုပ်လို့။ ကပ်ရောဂါမိုးသည်းထဲ ကိုယ့်ကိုကိုယ် ထီးလိုဖော့မဆောင်းရင် ဖိဆောင်းလို့။ ကားပေါ်မတက်ခင် ကားခသေချာရေတွက်လို့။ နှာခေါင်းစည်းကြိုးကို နားရွက်မှာ ပြင်ချိတ်လို့။ နေဟာ ရမ္မက်တစ်ခုကို အလိုတူ ကုန်းနမ်းတော့မလိုလိုနဲ့။
ဇယလ
၁ ဒီ ကိုဗစ်၂၀