အရေးအသားတစ်ခုဟာ ဘယ်အချိန်မှာ
(၁) ‘ကဗျာပုဒ်’ ဖြစ်သွားသလဲ။
(၂) ‘ကဗျာ’ ဖြစ်သွားသလဲ။
ဒါဟာ ကဗျာရဲ့ ထာဝရမေးခွန်းလည်းဖြစ်ပြီး အဖြေပေါင်းစုံလည်းရှိပါတယ်။ ကျနော်လက်ခံတဲ့ဖြေရှင်းချက်တစ်ခုပြောပြချင်ပါတယ်။ ရုပ်သွင်သဏ္ဍာန်အားဖြင့် လိုင်းစီထားရင် ‘ကဗျာပုဒ်’ လို့ထင်တာများပါတယ်။
သဏ္ဍာန်အားဖြင့်
လိုင်းစီထားရင်
ကဗျာပုဒ်လို့ ထင်ကြတယ်။
(အား/ထား နဲ့ ရင်/ထင် ကာရန်တောင် ပါလိုက်သေး)။
မကြောက်ကြနဲ့ ကပ်အန္တရာယ်
ဒို့လက်တွဲပြီးအဖြေရှာ
မိမိကိုယ်မိမိ အရင်ကာကွယ်ကြပါစို့။
လိုင်းစီလို့သာ ‘ကဗျာပုဒ်’ ထင်ရတယ်။ ဒါပေမယ့် ဒါတွေဟာ ‘ကဗျာ’လား။
ကဗျာဖြစ်မဖြစ်ကို ကဗျာပုဒ်လို့ထင်ရတဲ့ စီရင်ထားသိုပုံလောက်နဲ့ ပုံသေပြောလို့မရပါဘူး။ ဖြစ်တဲ့အခါဖြစ်ပြီး မဖြစ်တဲ့အခါမဖြစ်တာ သိကြမယ်လို့ထင်ပါတယ်။ ဝေးဝေးမကြည့်ပါနဲ့၊ သတင်းစာကဗျာကဏ္ဍမှာ ဖော်ပြပါရှိတာတွေဟာ အနိမ့်ဆုံး ‘ကဗျာပုဒ်’ အဆင့်သာရှိတာတွေ့နိုင်ပါလိမ့်မယ်။ (ဒါဟာ ရေးသူတွေကိုချိုးနှိမ်တာမဟုတ်ပါ။ ကဗျာအကြောင်းပြောရာမှာ ကျွဲကူးရေပါသဘောမျှသာ)။
‘ကဗျာ’ လို့ပြောရင် အဓိကနဲ့အရင်းအနှစ်ဟာ ကဗျာရသပေးဖို့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ကဗျာရေးသူရဲ့ကဗျာရေးခြင်းရည်ရွယ်ချက်။ အဲဒီရည်ရွယ်ချက်ကိုပေါက်မြောက်ရောက်ရှိအောင် ဘာသာစကား (စကားလုံး၊ပုဒ်စု၊ဝါကျပြတ်၊ဝါကျပြည့်၊အသံ၊အနက်၊သဒ္ဒါလင်္ကာရ၊အတ္ထလင်္ကာရ၊ပရိယာယ်ဝေဝုစ်၊စသည်ဖြင့်) ကိုရွေးချယ်စီရင်ထားသိုဖွဲ့စည်း(ဖွဲ့နွဲ့)ပြုလုပ်ဖန်တီးရတာဖြစ်ပါတယ်။အဲဒါကြောင့်လည်း ကဗျာကို ဘာသာစကားအနုပညာ လို့ခေါ်ဝေါ်သတ်မှတ်တာလည်းဖြစ်ပါတယ်။ အဲသလို ကဗျာရသအလို့ငှါ ဘာသာစကားကို ထူးခြားစွာသုံးစျြဲပုလုပ်ခြင်းအမှုကို ‘အနုပညာ’ လို့ခေါ်ပါတယ်။ ရသစာပေအနုပညာ/ ကဗျာအနုပညာပေါ့လေ။
ကဗျာဆရာရဲ့ အနုပညာပါရမီ၊ အစွမ်းသတ္တိ၊ ‘မှော်ဓာတ်’ စသည်ဖြင့်ရဲ့ အရည်အချင်းနဲ့ အရည်အသွေးအရ ကဗျာရသရဲ့ ထိရောက်မှုအစွမ်းဟာ အဆင့်အမျိုးမျိုးရှိနိုင်ပါတယ်။
ရည်ရွယ်ချက်ကို ပြန်ကောက်ချင်ပါတယ်။ ကဗျာရေးသူရဲ့ ကဗျာရသပေးလိုမှုရည်ရွယ်ချက်။ ဒါနဲ့ဆက်စပ်နေတာက အကြောင်းအရာကိစ္စပါပဲ။ အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်လို့ အဲဒီအကြောင်းအရာကိုပြောတာဟာစကားပြေရဲ့အလုပ်ဖြစ်ပါတယ်။ လိုရင်းက အကြောင်းအရာနဲ့ ဆိုင်ရာအဆိုတစ်ခုခုပြောချင်လို့။ ဒါပြောချင်လို့ဒီအကြောင်းရေးတာ။ဒီအကြောင်းရေးတာ ဒါပြောချင်လို့။ အဲဒါကြောင့် အကြောင်းအရာအခြေပြုရည်ရွယ်ချက်နဲ့ ဘယ်လိုရေးရေး၊ ‘ကဗျာ’တော့ဖြစ်မလာတာပါပဲ။
ဒုတိယက အကြောင်းအရာကို အကြောင်းရှာဖော်ပြပြီးအကြောင်းအရာကိုကျော်လွန်တာ။ အကြောင်းအရာကိုအကြောင်းရှာဖွဲ့ပေမယ့် မျှားဦးဟာ ကဗျာရသ ပစ်မှတ်ဆီဦးတည်တာ။အကြောင်းအရာမှာပြုတ်ကျကျန်ခဲ့တာမဟုတ်ဘူး။
‘ကဗျာရသ’ဆိုတာ ရိုးရိုးပြောရရင် စိတ်ထဲရှုပ်ထွေးမှုတစ်ခုကနေ ရုတ်တရက် လင်းရှင်းသွားပြီး လှုပ်ခတ်မှုမှာရရှိလိုက်တဲ့ စိတ်ရဲ့အရသာ။ ကြောင်းကျိုးသိမှုတစ်ခုကို နိမိတ်ပုံ (အာရုံရုပ်) တစ်ခုခုနဲ့ ဖော်ပြတာ၊ယှဉ်တွဲချိတ်ဆက်ပြတာဟာ အရိုးရှင်းဆုံးဥပမာပါ။ မတူညီတဲ့အကြောင်းနှစ်ခုကို ယှဉ်တွဲပြလိုက်တာလည်းဖြစ်ပါတယ်။ ဥပမာ၊ ခွေးတစ်ကောင် ကားကြိတ်ခံလိုက်ရတာ နဲ့ ရေတွင်းနက်ထဲရေငင်ရတာ။ ကြည့်ပါ—–
လမ်းဘေးမှာအေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက်ကြီး ကားဖြတ်နင်းခံရ
ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လိုအော်ရမှန်း မသိ
သူ့ အသက်ရှူ ရေငင်ပုံးလေး
ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။ ။
ကဗျာဆရာကြီးမောင်ချောနွယ်ပါ။ ကဗျာရေးတယ်ဆိုတာ ‘ကဗျာဆိုတာဘာ’ ကို တစ်ချိန်တည်းဖော်ပြလိုက်ဖို့လည်းဖြစ်ပါတယ်။ ကဗျာရသ ပန်းတိုင်ဆီ ဖြောင့်ဖြောင့်ဖြူးဖြူးရောက်ရှိရေး။ ဒါမှ ‘ကဗျာ’။ ကဗျာရသရဲ့ ထူးခြားချက်တစ်ခုက မမြင်ရ မသိရ ပြောပြလို့မရတာတစ်ခုခုကို ခံစားသိမှုအားဖြင့် ‘သိ’ သွားရခြင်းမဟုတ်ပါလား။
အရေးအသားကနေ ကဗျာပုဒ်၊ အဲဒီကနေ ကဗျာ၊ ကဗျာရသ။
ကဗျာပုဒ်စစ်မှန်ရင် ကဗျာရသပေးတဲ့ အလုပ်ကို လုပ်ဆောင်ပြီး ကဗျာရသပေးတဲ့ အရေးအသားကို ‘ကဗျာ’လို့ ခေါ်ပါတယ်။ ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။
ဇယလ
၁၃ နို ကိုဗစ်၂၀။