ဒီအချိန်မှာ ‘အနာဂတ်’ဟာ အနက်ရင်းကို ကျော်ခဲ့ပြီ
ဒီအချိန်မှာ သစ်ပင်တွေဟာ စိမ်းမြရမှာ စိတ်သန့်ပြီ
ဒီအချိန်မှာ နှလုံးအိမ်တွေဟာ အိနြေ္ဒဝဝရကြပြီ
ဖြန်းလိုက်ပါ့
မိမိတို့ရဲ့တောင်ကုန်းတွေ ချောက်ကမ်းပါးတွေပေါ်
နေခြည်ရွှေရည်လေနီနီတွေ
ရေနီရဲရဲငွေပုလဲတွေ သည်းသည်းသွန်ဖြိုးနီရဲမိုးတွေ
ချိုးကူသံပင် ဒေါင်းသံအိုးဝေ
ရိုးတွင်းချဉ်ဆီ စိမ့်စိမ့်စွေ
နေထိုင်ခြင်းမှာ
မိုးကုပ်စက်ဝိုင်း မတ်မတ်ရပ်လို့ နေပြီလေ
ဒီအချိန်မှာ ကာလရထားပေါ်တက်
ပုဂ္ဂလအမှတ်အသားလက်မှတ်ကို ဂုဏ်ဒြပ်အဖြစ်မြှောက်ပြ
အောင်ပွဲအတွက် ပေးဆပ်ရင်းနှီးခဲ့ကြရ
အောင်ပွဲနဲ့ ရင်းနှီးကျွမ်းဝင်ကြရမယ့် ပြည်သူတွေ
ကတိပေါ်သစ္စာထပ်လို့ တာဝန်ဟာ အင်္ဂါသစ်တွေ
ကမ်းရိုးတန်းကို တောင်တန်းပေါ်တင်
ချိုင့်ဝှမ်းလွင်ပြင်တွေမှာ တောင်ထိပ်ကမိုးပြာကောင်းကင်
တလွင်လွင် တသွင်သွင် မိမိတို့ စီးဆင်းရမည်ပင်
ဘယ်စံနဲ့တိုင်းတိုင်း
အရိုင်းအစိုင်းတို့ မင်းမူရပ်မှာ
(ဖြစ်နိုင်ပါ့မလား အောင်ပွဲဟာ ရောက်လာပြန်ပြီလို့
နောက်တစ်ခါ) တိုင်းပြည်ဟာ အတိုင်းမသိ ပီတိဖြာရ
မဆင်မခြင် ထင်ရာမြင်ရာကိစ္စ မဟုတ်ခဲ့ဘူးဆိုတာ
သဲထဲရေသွန် ယိုးစွပ်မှုတွေ
သဲပြင်မြေအောက် မျိုးစေ့အညှောက်
မြေပေါ်တလူလူ လူပေါ်တလက်လက် ဇမ္ဗူအစက်ဆက်
ဖြစ်ခြင်းတစ်ခုလုံးကို ရှိခြင်းတစ်ခုလုံးအဖြစ်
ဖြစ်ဖြစ်မြောက်မြောက် ရောက်ရှိရရှိကြပြီပေါ့
စိမ်ခေါ်မှုတွေ အိမ်ပေါ်အထိရောက်ပလေ့စေ
အိမ်မှာနေရင်း နိုးကြားကြမယ့် ပြည်သူတွေ
တစ်ချိန်ချိန်မှာ အဖိုးအဖွားတို့ ဘာလုပ်ခဲ့ကြသလဲမေးလာရင်
သားမြေးမြစ်တို့ တက်လှမ်းလျှောက်ဖို့
အဖိုးအဖွားတို့ ဝမ်းလျားမှောက်ပေးခဲ့တဲ့ အချိန်ပါလေ
ဇယလ
၉ နို ကိုဗစ်၂၀