ပေါ့ပေါ့ပါးပါးလေးပဲ ပြောပါတယ်။ Facebook မှာ တစ်ယောက်ယောက်က တစ်နေရာရာက အစတစ်စရပြီးတင်လိုက်တယ်။ အဲဒါကိုနောက်တစ်ယောက်ကသူ့အလိုတစ်ခုခုအရဆက်ပြုလုပ်တင်တယ်။ အဲဒါကိုနောက်တစ်ယောက်က စသည်ဖြင့် စသည်ဖြင့် ။ အဲဒီမှာ intertextuality ဆိုတဲ့ text တစ်ခုနဲ့တစ်ခုဆက်နွယ်ချိတ်ဆက်မှုတွေဖြစ်လာတယ်။ မူလ(အကယ်၍ မူလစစ်စစ်ရှိခဲ့ရင်) နဲ့တူတာရှိမယ်၊ခြားနားတာရှိမယ်၊လုံးဝကွဲပြားသွားတာလည်းရှိမယ်။
ကဗျာမှာလည်းဒီလိုပဲ။ တစ်ယောက်ယောက်ရဲ့ကဗျာကိုဖတ်ပြီး react တုန့်ပြန်ရေးသားမှု (ဝါ)တစ်ခုခုကနှိုးဆွလိုက်သလိုရေးသားမှု။ အဲဒါကို နောက်တစ်ယောက် နောက်တစ်ယောက် နောက်တစ်ယေက် နောက်တစ်ပုဒ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်။ ကွဲပြားမှုဧကန်ရှိမယ်။ ဆိုလိုတာက ဆက်နွယ်ချိတ်ဆက်မှု။ intertextuality လို interpoetry ရှိနိုင်မလားလို့တွေးမိတာပါ။ ဘယ်သူမှမရေးဘူးတဲ့ကဗျာရေးသူထံမှာ သူတွေ့ကြုံခံစားထားပြီး သူ့ပေါ်မသိလိုက်မသိဖာသာ ရှိလာတဲ့ ကဗျာတစ်ပုဒ်ပုဒ်တော့ရှိမှာပဲဆိုတာ။ အဲသလိုနဲ့ ‘ကိုယ့်ဟာ’ လို့တသီးပုဂ္ဂလအားဖြင့်သော်၎င်း၊တစ်ကိုယ်ရည်အတွကသော်၎င်း ပြောဆိုနိုင်ပေမယ့် ကဗျာ ဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့နယ်ကြီးထဲမှာ နှီးနွယ်ပတ်သက် စပ်ယှက်ချိတ်ဆက်မှုတွေရှိတယ်ဆိုတာပါပဲ။ အဲဒါကြောင့်လည်း ကိုယ့်ယခင့်ယခင်က ကဗျာတွေ၊ ကဗျာဆရာတွေကို မမေ့ကောင်းဘူးလို့ထင်ပါတယ်။ ကိုယ့်ဖာသာကိုယ် ကိုယ့်ကဗျာကိုယ် ရေးနေပေမယ့် ကြယ်တာရာစုကြီးတစ်ခုက အလင်းတွေ ဟိုကဒီကလာနေကြပြီး အလင်းအချင်းချင်း တုန့်ပြန်ပြုလုပ်နေကြသလိုပေါ့။ အဲ့ဒါကြောင့်လည်း ကိုယ်မသိသေးတဲ့အလင်းတွေကိုလည်း သိအောင်လုပ်ပြီးလှမ်းယူတုန့်ပြန်တာဟာကောင်းတဲ့အလုပ်ပဲလို့ ရိုးရိုးသားသားမြင်မိပါတယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၁၈ အောက် ကိုဗစ်၂၀