The Dry Salvages ကျောက်ဆောင်တန်းများ – အပိုင်း (၁)

(The Dry Salvages— ပြင်သစ်စကား les trois sauvages ကလာတာဖြစ်လိမ့်မယ်၊မက်ဆာချူးဆက်တ်စ်ပြည်နယ်ရှိ Cape Ann အငူရဲ့အရှေ့မြောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိ၊မီးပြတိုက်ရှိတဲ့ကျောက်ဆောင်တန်းတစ်စု)

(အပိုင်း၁ ရဲ့ ၁)

နတ်ဒေဝတာတွေအကြောင်း ကိုယ်သိပ်မသိဘူး
ဒါပေမယ့် ကိုယ့်စိတ်ထင်တော့ မြစ်ဟာ သန်သန်မာမာ
ညိုညိုမောင်းမောင်း နတ်မင်းတစ်ပါးပဲ ——-
သန်သုန်မှုန်မှုန်၊အရိုင်းဆန်ဆန်၊ပေကတ်ကတ်နဲ့ စိတ်လည်း
အနည်းငယ်သာရှည်လို့။အစတုန်းကတော့ နယ်အစွန်အစပ်
အမှတ်အသားတစ်ခုပဲပေါ့ ကူးသန်းသွားလာရောင်းဝယ်
ဖောက်ကားမှုအတွက် အသုံးဝင်ပေမယ့် တစ်ထစ်ချ
ယုံကြည်လို့မရတာ။အဲဒီတုန်းက ယင်းဟာ
တံတားတည်ဆောက်ရေးသမားတွေအတွက်သာပြဿနာ။
ဖြေရှင်းလို့လည်းပြီးရော နတ်မင်းညိုထွားကို
မေ့သွားကြသလောက်နီးပါးပဲ အဲဒီမြို့ကြီးသားတွေပေါ့။
ဒါပေမယ့် ဘယ်တော့မှကျေချမ်းနိုင်တယ်မရှိဘူး၊
သူ့ရာသီအလျှောက်သူ့ဒေါသနဲ့ သူဟာချေမှုန်း
ဖျက်ဆီးသူ၊ လူတွေမေ့ဖျောက်ထားတာတွေကိုပြန်လည်
အမှတ်ရစေသူ၊ စက်မှုကိုးကွယ်ကြသူတွေထံမှ သူ့မှာ
ဂုဏ်ပြုမခံရ၊ပူဇော်ပသခြင်းမခံရ။ ဒါပေမယ့်
သူဟာ စောင့်လို စောင့်ကြည့်လို့ စောင့်မြဲ
စောင့်လို့။
သူ့နရီဟာ ရင်သွေးငယ်ရဲ့ပျိုးခင်းကုတင်မှာစကတည်းက
ရှိနေခဲ့တာဖြစ်တယ်၊ပြီး၊ဧပြီရဲ့ဝင်ပေါက်ဝင်းထဲက
ရနံ့စူးတဲ့ အေလင်းတပ်စ်ပန်းပွင့်တွေဆီမှာ၊
ဆောင်းရာသီရဲ့စားပွဲပေါ်က စပျစ်သီးရဲ့အနံ့ထဲမှာ၊
ဆောင်းရာသီရဲ့ဓာတ်ငွေ့မီးထွန်းအလင်းထဲက
ညနေခင်းရဲ့အသိုင်းအဝိုင်းထဲမှာ
ရှိလို့နေတာ၊မြစ်ပေါ့။

T. S. Eliot
T. S. Eliot

(အပိုင်း၁ ရဲ့ ၂)

မြစ်ဟာ မိမိတို့အတွင်းမှာရှိနေတာ၊ပင်လယ်ကတော့
မိမိတို့ကိုအဘက်ဘက်ကဝိုင်းပတ်လို့။ကုန်းမြေရဲ့
အစွန်းအစပ်လည်းဖြစ်၊ ကုန်းမြေရဲ့နှမ်းဖတ်ကျောက်တွေထဲလည်းစီးဝင်ရောက်ရှိလို့၊ ရှေးယခင်က
ဖန်တီးခဲ့တဲ့အရာတွေနဲ့ အခြားသောဖန်တီးခဲ့ရာတွေရဲ့
သဲလွန်စအရိပ်အမြွက်တွေ
သောင်ပြင်မှာ ဆတ်ကနဲ လာပစ်တင်ချတယ် —–
ကြယ်ငါး၊မြင်းခွာဂဏန်း၊ဝေလငါးကျောရိုး၊
ဒါတွေထက်ပိုနူးညံ့တဲ့ ရေမှော်ပင်နဲ့ ပင်လယ်ရေအောက်
အနီမိုနီပန်းတွေအပြင် မိမိတို့ရဲ့သိချင်စိတ်ကို နှိုးဆွတဲ့
ဒီရေရဲ့ လက်ကျန်အိုင်လေးတွေ။
မိမိတို့ရဲ့ပျောက်ဆုံးအရာတွေကို
ကမ်းစပ်မှာလာပစ်တင်တယ် —- စုတ်ပြဲနေတဲ့ငါးဖမ်းပိုက်၊
အစိတ်စိတ်အမွှာမွှာ ပုဇွန်တုပ်မြှုံး၊ ထက်ပိုင်းကျိုး
လှော်တက်၊ပြီး၊ရေနစ်သေသူနိုင်ငံခြားသား
အလောင်းတွေရဲ့ကျန်ရစ်အသုံးအဆောင်ပစ္စည်းတွေ။
ပင်လယ်မှာ စကားသံတွေ အများကြီးရှိတယ်။
နတ်ဒေဝတာအများအပြားနဲ့ စကားသံတွေအများအပြား
ရှိတယ်။
နှင်းဆီရိုင်းခြုံပေါ်မှာ
ပင်လယ်ရဲ့ဆားပွင့်တွေ၊ထင်းရှူးတောထဲမှာတော့
ပင်လယ်ကလာတဲ့ ထူပိန်းမြူမှိုင်း။
ပင်လယ်ရဲ့အူသံနဲ့
စူးကနဲအော်သံဟာ ကွဲပြားခြားနားကြတဲ့
စကားသံတွေ၊ များသောအားဖြင့်တော့ ကြားရတာ
တစ်ဆက်တည်း၊ ရွက်တိုင်က ရွက်ဆိုင်းကြိုးတွေရဲ့အီသံ၊
လှေကိုလာရိုက်ပြီးလွင့်စင်ကွဲထွက်သွားတဲ့ လှိုင်းရဲ့
ကြောက်မက်ဖွယ်ပွေ့ဖက်မှု၊ နှမ်းဖတ်ကျောက်ရဲ့
အစွယ်တွေထဲက အဝေးကလှိုင်းရဲ့ပဲ့တင်သံညံ၊ပြီး၊
နီးကပ်လာနေတဲ့အငူကနေ ဆွဲဆွဲငင်ငင်ငိုယိုမြည်ဟည်းသံနဲ့
သတိပေးခြင်း။
အားလုံးဟာ ပင်လယ်ရဲ့ စကားသံတွေပဲဖြစ်တယ်။ပြီး၊
နိမ့်ချည်မြင့်ချည် ရေပေါ်အီနေတဲ့
ရေကြောင်းပြဗော်ယာဟာ အိမ်ပြန်ရာမျက်နှာဘက်ဆီ
လှည့်လို့၊ပြီး၊ပင်လယ်ဇင်ယော်တွေ။


(အပိုင်း၁ ရဲ့ ၃)

ပကတိတိတ်ဆိတ်တဲ့မြူထုရဲ့ ဖိသိပ်မှုအောက်မှာ
အောက်စီးကြောင်းကထိုးဆွလိုက်လို့ကြွတက်လာတဲ့
လှိုင်းလုံးကြီးတွေထဲမှာ
ဗော်ယာခေါင်းလောင်းကမြည်ဟည်းပစ်လိုက်တာ
မိမိတို့ရဲ့အချိန် မဟုတ်တဲ့ အချိန်ကာလတစ်ခုကို။
အချိန်အလွန်တျိတဲ့ခရိုနိုမီတာအချိန်ပြစက်တို့ရဲ့
ခေတ်ကာလထက်အများကြီးစော၊ အိပ်မရလို့နိုးထပြီး
ရက်ထားတာတွေ၊ထုံးထားတာတွေ၊ကျစ်ထားတာတွေ
ပြန်ဖြေရင်း တစ်ချိန်တည်းမှာ အတိတ်နဲ့အနာဂတ်တို့ရဲ့
အစအနတွေပြန်ကောက်ချိတ်ဆက်၊အနာဂတ်ကိုတွက်ချက်
ပူပန်သောကဖိစီးနေကြတဲ့မိန်းမသားတွေ
ရေတွက်တိုင်းထွာတတ်တဲ့အချိန်ကာလထက်တောင်
ပိုရှေးကျတဲ့အချိန်ကာလ။
ညဥ့်သန်းကောင်ယံနဲ့အရုဏ်ဦးကြား
အတိတ်ဟာလွည့်စားမှုတစ္ခုသာလုံးလုံျးဖစ်နေတဲ့အခါ
မနက်အစောင့်တာဝန်မကျမီမှာ
အနာဂတ်ဟာ အနာဂတ်မဲ့နေချိန်မှာ
ဘယ်တော့မှပြီးဆုံးမှာမဟုတ်တဲ့အချိန်နဲ့
အချိန်တွေရပ်တန့်သွားကြတဲ့သမယမှာ
ပဝေသဏီကတည်းကရှိခဲ့ပြီး ယခုထိရှိနေတဲ့
ရေအောက်ကပင့်တက်လာတဲ့ ဧရာမလှိုင်းလုံးကြီးဟာ
ခေါင်းလောင်းကို
ဂလောင်းကနဲ ဂလိုင်းကနဲ
မြည်အောင်ထိုးလိုက်တယ်။


(အပိုင်း၂ ရဲ့ ၁ ဆက်ရန်)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>