(အပိုင်း ၅ ရဲ့ ၁)
မားစ်နတ်ဘုရားနဲ့ဆက်သွယ်ဖို့၊ ဝိဥာဉ်တွေနဲ့စကားပြောဖို့၊
ပင်လယ်ရဲ့သတ္တဝါဆိုးကြီးရဲ့အပြုအမူကိုတိုင်တောဖို့၊
ဇာတာခွင်နဲ့ညှိ၊တိရိစ္ဆာန်တွေရဲ့အူတွေကလီဇာတွေ
ကြည့်ပြီး အနာဂတ်ဟော၊ မဟုတ်ရင် ကသိုဏ်းဖန်လုံးထဲ
မြင်တာဖော်ပြ၊
ထိုးမြဲလက်မှတ်တွေထဲမှာ ရောဂါလက္ခဏာကိုလေ့လာ၊
လက်ဖဝါးရဲ့အတွန့်ရာတွေကနေအတ္ထုပ္ပတ္တိဖော်ထုတ်၊
လက်ချောင်းတွေကနေ ကြေကွဲဘွယ်စစ်ထုတ်၊
ပေါက်မဲကနေ နိမိတ်ဆိုးကိုထုတ်ပြန်၊ ခွက်ထဲက
လ္ဘက်ခြောက်ရွက်ကြည့်ပြီးတော့လည်းထို့အတူ၊
ဖဲထုတ်နဲ့လည်းပဟေဠိဖော်ထုတ်၊ ထိပ်ဖျား၅ခုရှိတဲ့
ဂမ္ဘီရကြယ်ပုံသဏ္ဍာန်တွေ၊ဒါမှမဟုတ် စိတ်ငြိမ်စေတဲ့
ဘာဘီကျူရစ်က်အက်ဆစ်တွေနဲ့ဆော့ကစား၊
ထပ်တလဲလဲပေါ်နေတဲ့ အာရုံရုပ်ကို သိစိတ်မဖြစ်ခင်အဆင့်ရဲ့
ထိတ်လန့်ဘွယ်ရာတွေထဲခွဲစိပ်လေ့လာ၊ သားအိမ်ကို
သော်လည်းကောင်း၊အုတ်ဂူကိုသော်လည်းကောင်း၊
အိပ်မက်တွေကိုသော်လည်းကောင်း၊ စူးစမ်းစစ်ဆေး
လေ့လာသင်ယူ၊ ဒါတွေအားလုံးဟာ
မထူးခြားတဲ့ဝါသနာတွေ၊ယစ်မူးစရာသက်သက်တွေ၊
သတင်းသာတွေမှာပါလေ့ပါထ ကဏ္ဍတွေပါပဲလေ၊
နောင်လည်း ဒီအတိုင်းပဲ ဖြစ်နေကြမှာပဲ။
တိုင်းပြည်တွေဒုက္ခရောက်နေကြချိန်နဲ့
တွေဝေမောဟတွေဖြစ်ကြရတဲ့အခါမှာ အာရှတိုက်ရဲ့
ကမ်းခြေတွေမှာဖြစ်ဖြစ်၊ လန်ဒန်မြို့ရဲ့
အဲ့ဂ်ျဝဲလမ်းပေါ်မှာဖြစ်ဖြစ်
လူသားရဲ့သိလိုစိတ်ဟာ အတိတ်နဲ့အနာဂတ်ကိုသာဖွေရှာပြီး
အဲဒီဒိုင်မင်းရှင်းကိုပဲ စွဲလမ်းနေတော့တယ်။

(အပိုင်း ၅ ရဲ့. ၂)
ဒါပေမယ့်
အချိန်ကာလကင်းမဲ့ခြင်း နဲ့ အချိန်ကာလ ဆုံစည်းကြတဲ့
အမှတ်စက်ကိုနားလည်ဖို့ဆိုတာ သူတော်စင်ရဲ့အလုပ်ပါပဲ၊
အလုပ်ရယ်တော့မဟုတ်ဘူးပေါ့၊ တစ်ခုခုပေးသနားခံရပြီး
တစ်ခုခုပေးဆပ်လိုက်ရတာမျိုး၊ ချစ်မြတ်နိုးခြင်း၊
စိတ်ဇောဟုန်၊ကိုယ်ကျိုးမငဲ့မှု၊နဲ့ မိမိကိုယ်မိမိအရာရာအရှုံး
ပေးလိုက်ခြင်းတွေထဲ ဘဝတစ်ခုလုံးသေဆုံးလိုက်ရခြင်း။
မိမိတို့အများစုအတွက်တော့ ဂရုမမူကြတဲ့အခိုက်အတန့်
တစ်ခုရှိကြတယ်၊ကာလတရားရဲ့အထဲမှာရှိလည်းရှိ၊
မရှိလည်းမရှိတဲ့အခိုက်အတန့်၊ အာရုံလွဲလို့သတိမမူမိခြင်း၊
နေခြည်တစ်တန်းထဲပျောက်ဆုံးလို့၊မမြင်မိတဲ့ စမုံဖြူရိုင်း၊
ဒါမှမဟုတ် ဆောင်းရာသီမှာပြက်တဲ့လျှပ်စည်း၊ဒါမှမဟုတ်
ရေတံခွန်၊ ဒါမှမဟုတ် နက်နက်ရှိုင်းရှိုင်းကြားရလို့
မကြားလိုက်မိတဲ့ဂီတသံစဉ်၊ ဒါပေမယ့်လည်း
သင်ကိုယ်တိုင်ဟာ ဂီတပဲလေ၊ဂီတရဲ့သံစဉ်မြည်နေသရွေ့ပေါ့။
ဒါတွေဟာ အရိပ်အမြွက်တွေနဲ့ ခန့်မှန်းချက်တွေပဲ၊
အရိပ်အမြွက်နောက်လိုက်ပါလာတဲ့ ခန့်မှန်းချက်တွေလေ။
ကျန်တာကတော့ ဆုတောင်းခြင်း၊စောင့်ထိန်းခြင်း၊
စည်းကမ်းလိုက်နာခြင်း၊တွေးတောခြင်း နဲ့
လက်တွေ့ဆောင်ရွက်ခြင်းပါပဲ။ တစ်ဝက်တစ်ပျက်
မှန်းဆရတဲ့အရိပ်အမြွက်၊ တစ်ပိုင်းတစ်စပဲ နားလည်လို့ရတဲ့
လက်ဆောင်မြတ်ဟာ
‘ဝင်စားတော်မူခြင်း’ ပဲဖြစ်တယ်။
(မယ်တော်မာရီတွင်ခရစ်တော်ဝင်စားတော်မူခြင်း)
ဒီမှာတော့ ဖြစ်တည်မှုရဲ့ဘုံအပိုင်းအခြားတို့ရဲ့
မဖြစ်နိုင်တဲ့ပေါင်းစပ်မှုဟာ တကယ့်အခြေအနေအစစ်ပဲ၊
ဒီမှာ အတိတ်နဲ့အနာဂတ်ကိုအနိုင်ယူပြီးပြန်ပေါင်းထုပ်၊
ဒီမှာ လက်တွေ့ဆောင်ရွက်ခြင်းမှမရှိရင်
လှုပ်ရွေ့မှုသက်သက်လှုပ်ရှားမှုပဲဖြစ်လိမ့်မယ်၊
လှုပ်ရှားမှုရဲ့ဇာတိဇစ်မြစ်မရှိတဲ့ လှုပ်ရုံသက်သက်ပဲ —–
မကောင်းဆိုးဝါး၊အောက်လမ်းအစွမ်းတွေရဲ့
မောင်းနှင်မှုနဲ့ဆောင်ရွက်တာပဲဖြစ်တယ်။
စစ်မှန်တဲ့လုပ်ဆောင်မှုဟာ အတိတ်နဲ့အနာဂတ်ကနေ
လွတ်မြောက်နေတာလည်းဖြစ်တယ်။
မိမိတို့အများစုအတွက်တော့ ဒီမှာ လက်တွေ့
မဖော်ဆောင်နိုင်တဲ့ ပန်းတိုင်သက်သက်ပဲဖြစ်တယ်။
ဆက်လက်ကြိုးစားနေကြလို့သာ
မိမိတို့ဟာ မရှုံးရုံတမယ်။
အဆုံးမှာ မိမိတို့ ကျေနပ်နှစ်သိမ့်မှုရရှိမှာ
အကယ်၍ မိမိတို့ရဲ့
ကာလဆိုင်ရာနောက်ကြောင်းပြန်ခြင်းဟာ
(ကျောက်ထင်းရှူးပင် နဲ့ သိပ်မဝေးတဲ့နေရာမှာ)
အရေးပါတဲ့မြေဆီလွှာရဲ့ အသက်တာကို
အာဟာရပြုပေးနိုင်ရင်သာ။ ။
တီ၊အက်စ်၊အဲလိယစ်တ်
The Dry Salvages
(၁၉၄၀ – ၄၁)
မှတ်ချက်။ ။ The Four Quartets ရဲ့ အပိုင်း ၃ ဖြစ်ပါတယ်။
ဇယလ
၂၇ စက် ကိုဗစ် ၂၀