(အပိုင်း ၃ ရဲ့ ၁)
ရံဖန်ရံခါ ကိုယ်စဉ်းစားမိတာက
ခရစ်ရှ်နာမိန့်ခဲ့တာ အဲဒါများလားလို့
အခြားကိစ္စတွေအကြောင်းမိန့်ရင်း ဒါမှမဟုတ်
ဒီကိစ္စကိုပဲ အခြားနည်းနဲ့မိန့်ခဲ့သလားပေါ့လေ
အနာဂတ်ဟာတဖြေးဖြေးတိုးတိတ်သွားတဲ့သီချင်း၊
ဒါမှမဟုတ် တော်ဝင်နှင်းဆီ ဒါမှဟုတ် နောင်တရဖို့၊
ရောက်မလာကြသေးသူတို့အတွက်
ကြေကွဲနောင်တရဲ့
တစ်ခါမှဖွင့်မကြည့်ရသေးတဲ့စာအုပ်တစ်အုပ်ရဲ့
စာမျက်နှာတွေကြား ဖိသိပ်သိမ်းဆည်းထားတဲ့
ခရမ်းပြာနုရောင် လာဗင်ဒါအခက်လေး။
ပြီး၊အထက်တက်တဲ့လမ်းဟာ အောက်ဆင်းတဲ့လမ်းဖြစ်၊
ရှေ့သွားတဲ့လမ်းဟာ နောက်ဆုတ်တဲ့လမ်းဖြစ်လို့။
စိတ်တည်ငြိမ်စွာရင်ဆိုင်ဖို့မလွယ်ပေမယ့်
ဒီကိစ္စဟာသေချာတယ်။ ကာလတရားဟာ
သမားတော်မဟုတ်ဘူး။လူနာဟာလည်း အခုဒီမှာ
မရှိတော့ဘူးလေ။
ရထားစတင်ထွက်ခွာတဲ့အခါ ခရီးသည်တွေဟာနေသားစကျ
သစ်သီးတွေ၊စာနယ်ဇင်းတွေ၊အလုပ်နဲ့ပတ်သက်တဲ့ပေးစာတွေနဲ့
(သူတို့ကိုပို့ဆောင်ခဲ့သူတွေဟာ စကြံကနေထွက်ခွာ
သွားခဲ့ကြပြီလေ)
သူတို့ရဲ့ဝမ်းနည်းမျက်နှာတွေဟာ တဖြေးဖြေး
သက်သာလာတော့တယ်။ နာရီပေါင်းတစ်ရာရဲ့
ငိုက်မျည်းနရီလွှဲချိန်မှာ။
ရှေ့သို့ချီလော့၊ခရီးသွားအပေါင်းတို့
ခြားနားသွားမယ့်ဘဝတွေဆီ မဟုတ်ရင်
ဘယ်လိုအနာဂတ်မျိုးမဆိုဆီ၊
အတိတ်ကနေလွတ်မြောက်သွားလို့တော့မရဘူးပေါ့။
ဘူတာကထွက်ခွာလာတဲ့သင်ဟာ အခုသင် မဟုတ်တော့သလို
လမ်းဆုံးမှာဆိုက်ရောက်တော့မယ့်သင်လည်း မဟုတ်ဘူး။
သင့်နောက်ကျောမှာကျဉ်းလာကြတဲ့သံလမ်းတွေဟာ
တစ်ခုနဲ့တစ်ခုချိတ်ဆက်သွားကြရင်း
တဗြုန်းဗြုန်းမြည်နေတဲ့ ပင်လယ်ကူးသင်္ဘောရဲ့
ကုန်းပတ်ပေါ်မှာ
သင့်နောက်ကျောမှာ ကျယ်ပြန့်လာတဲ့ရေပြင်ပေါ်က
ထယ်ကြောင်းတွေသင်ငေးရင်း
‘အတိတ်ဟာ ပြီးဆုံးသွားပြီ’ ၊ ဒါမှမဟုတ် ‘အနာဂတ်ဟာ
မိမိတို့ရဲ့ရှေ့မှောက်မှာ’ လို့ သင်တွေးနေရမှာမဟုတ်ဘူး။
ညရောက်တဲ့ခါ ရွက်ဆိုင်းကြိုးတွေနဲ့ထိပ်ဖျားမှာ
နဂိုအသံထက်မြှင့်ပြောနေတဲ့စကားသံ
(နားထဲတော့မဟုတ်ဘူး၊ ကာလကိုယ်ထည်ခွံရဲ့ တတွတ်တွတ်
မြည်နေသံ၊ဘယ်ဘာသာစကားနဲ့မှလည်းမဟုတ်ဘူး)—-
“ရှေ့သို့ချီလော့၊ပင်လယ်ကြီးဆီခရီးသွားနေတယ်လို့
ထင်မြင်ကြသူတွေ၊ တဖြေးဖြေးဝေးကွာကျန်ရစ်ခဲ့တဲ့
ဆိပ်ကမ်းကိုမြင်တွေ့ခဲ့ကြရသူတွေဟာ
သင်တို့မဟုတ်ကြသလို ဆိုက်ရောက်တဲ့အခါဆင်းလာကြမယ့်
သူတွေလည်းမဟုတ်ကြဘူး။ဟောဒီနီးစပ်ရာနဲ့
ဟောဟိုဝေးကွာတဲ့ကမ်းခြေတို့ကြားမှာ
အချိန်ကာလဟာ သူ့တည်းရှိနေချိန်မှာ စိတ်တစ်ခုတည်းနဲ့
အတိတ်နဲ့အနာဂတ်ကို ဆတူတွေးကြည့်ပါ၊
လက်တွေ့လုပ်ဆောင်ခြင်းလည်းမဟုတ်
ဘာမှမလုပ်ပဲနေခြင်းလည်းမဟုတ်တဲ့အခိုက်မှာ
သင်ဒါကိုသဘောပေါက်လက်ခံရလိမ့်မယ် —-
‘လူတစ်ယောက်ရဲ့စိတ်ဟာ ဘဝရဲ့ဘယ်ဘုံဖြစ်ဖြစ်မှာ
အာရုံစူးစိုက်နေချိန်ဟာ သေရတော့မယ့်အချန်ပဲဖြစ်တယ်’—
အဲဒီတစ်ခုတည်းသောလုပ်ရပ်ဟာ (သေဖို့ကျရောက်တဲ့
အချိန်ဆိုတာ ရှင်တုန်းအခိုက်အတန့်တိုင်းမှာ)
အခြားသူတွေရဲ့ဘဝတွေမှာ အကျိုးအမြတ်ရရှိစေလိမ့်မယ်၊
လုပ်ဆောင်မှုရဲ့အသီးအပွင့်ကိုတော့မစဉ်းစားလေနှင့်။

(အပိုင်း ၃ ရဲ့ ၂)
ရှေ့သို့ဦးတည်လော့၊
အို၊ပင်လယ်ပြင်ခရီးသွားများ၊အို၊သင်္ဘောသားများ၊
ဆိပ်ကမ်းရောက်လာကြတဲ့သင်တို့၊ ပင်လယ်ရဲ့စမ်းသပ်ချက်နဲ့
စီရင်ချက်တွေကို ဧကန်တွေ့ကြုံခံစားကြရမယ့်၊
ဒါမှမဟုတ် ဘယ်လိုအဖြစ်မျိုးမဆိုရင်ဆိုင်ကြရမယ့်
ဝေဒနာခန္ဓာရှင် သင်တို့ငဲ့၊
ဒါဟာပဲ သင်တို့ရဲ့
တကယ့်ခရီးပန်းတိုင်အစစ်အမှန်ဖြစ်ပေတယ်။
အဲသလို၊ အရှင်ခရစ်ရှ်နာ၊ စစ်မြေပြင်မှာ
သူရဲကောင်းအာဇုန ကို မိန့်ကြားခဲ့လေတယ်။
နှုတ်ဆက်ခွဲခွာ ကောင်းရာမွန်ရာ ဖြစ်ပါစေ
မဟုတ်ဘူး၊
ရှေ့သို့ဦးတည်လော့၊
ပင်လယ်ပြင်ထဲခရီးနှင်ကြသူများငဲ့။