(အပိုင်း ၂ ရဲ့ ၁)
ဘယ်မှာအဆုံးသပ်ရှိမလဲလေ အဲဒီအသံတိတ်
ငိုကြွေးမြည်တမ်းတမှုတွေ၊ ဆောင်းဦးရာသီ
ပန်းမာလ်တို့ရဲ့တိတ်တဆိတ်ရော်ဝါညှိုးခြောက်မှု၊
ပွင့်ဖတ်တွေချွေချရင်း မလှုပ်မယှက်ရပ်မြဲရပ်လို့၊
မျောလွင့်နေတဲ့ပျက်ယွင်းမှုဟာ
ဘယ်မှာပြီးဆုံးမှာလဲလေ၊
ကမ်းခြေပေါ်လာသောင်တင်တဲ့ အရိုးရဲ့ဆုတောင်း၊
ကမ္ဘာကြီးကို ဗလောင်းဆန်သွားစေခဲ့တဲ့
‘သတင်းကောင်းပေးပို့တော်မူခြင်း’။
(ကမ္ဘာကြီးသို့ ဘုရားသခင်ကြွရောက်တော်မူလာမည့် သတင်းကောင်း)
အဆုံးသပ်ဆိုတာမရှိဘူး၊ ထပ်စုပုံလာတာတွေပဲရှိတယ်
နောက်ထပ်နေ့တွေ နာရီတွေရဲ့နောက်မှာ
တရွတ်ပါလာတဲ့အကျိုးဆက်
ယိုယွင်းပျက်ဆီးဆုံးရှုံးရခြင်းတွေနဲ့ပဲအတူနေခဲ့ရတဲ့
ခံစားချက်မဲ့နှစ်များစွာထဲမှာပဲ ခံစားမှုဟာ ဝင်ရောက်ခိုလှုံခဲ့
အားကိုးစရာလို့ယုံကြည်ခဲ့မိတဲ့အရာတွေဟာ
စွန့်ပစ်လိုက်ဖို့ပဲကောင်းတဲ့အပျက်အယွင်းတွေဖြစ်လို့။
နောက်ဆုံးဖြည့်စွက်မှုကတော့
ကျဆင်းလာတဲ့စွမ်းအားတွေကြောင့် မကျေမချမ်း
ဖြစ်ရခြင်းမဟုတ်ရင် မိမိကိုယ်မိမိဂုဏ်ယူမှုလျော့လာခြင်း၊
ကိုးကွယ်စည်းကပ်မှုမရှိသယေင်ထင်ရတဲ့ အစွဲကင်းကင်း
ကိုးကွယ်စည်းကပ်မှု၊ ကြမ်းပေါက်ကနေ ရေတစိမ့်စိမ့်
ဝင်လာနေတဲ့လှေမျောထဲမှာ ခေါင်းလောင်းရဲ့
နောက်ဆုံး ‘သတင်းကောင်းပေးအပ်တော်မူခြင်း’
ကျွက်ကျွက်ဆူညံသံကိုပဲ
တိတ်တဆိတ်နားထောင်နေခဲ့ရတာ။
အဆုံးသပ်ဟာဘယ်မှတဲ့လဲလေ၊တံငါသည်တွေဟာ
မြူကုပ်ဝင်နေတဲ့တိုက်လေရဲ့အမြီးထဲ ရွက်လွှင့်နေကြတာ
သမုဒ္ဒရာမရှိတဲ့ကာလကို မိမိတို့ တွေးကြည့်လို့
ဘယ်လိုမှပင်မရနိုင်တာ၊ စွန့်ပစ်အမှိုက်တွေပေါလောမျော
နေတဲ့သမုဒ္ဒရာ
အတိတ်တုန်းကလို တာဝန်ယူခြင်းမရှိတော့တဲ့သဘောပဲ
အနာဂတ်ခရီးပန်းတိုင် မဲ့ကြရလေချင်း။

(အပိုင်း ၂ ရဲ့ ၂)
မိမိတို့သဘောထားရမှာက ဒါတွေဟာ ထာဝရ
လှေဝမ်းထဲကရေတွေခပ်ထုတ်နေရခြင်း၊ ပိုက်ချခြင်း၊
ပိုက်ကိုလှေပေါ်ဆွဲတင်ခြင်း၊
အရှေ့မြောက်ကောင်းကင်နိမ့်ဆင်းလာနေခိုက်မှာ
ရေတိမ်တိမ်ကမ်းပါးတွေက ဘယ်တော့မှမပြောင်းလဲ
တိုက်စားခံရခြင်းလည်းမရှိ၊
ဒါမှမဟုတ် ဘဏ်မှာစုထားတဲ့ငွေလေးသွားထုတ်ကြ၊
ဒါမှမဟုတ် သင်္ဘောကျင်းမှာ ရွက်တွေအခြောက်လှမ်း၊
စစ်ဆေးမှုမခံတဲ့ ပိုက်တစ်စွဲစာအတွက်
ငွေနဲ့ပေးဆပ်လို့မရတဲ့ ခရီးတစ်ခုစာတော့မဟုတ်ဘူးပေါ့။
အဆုံးသပ်ဆိုတာမရှိဘူး၊အသံမဲ့ငိုမြည်းနေခြင်းပဲ၊
ရော်ဝါသွေ့ခြောက်သွားကြတဲ့ပန်းတွေရဲ့
ရော်ဝါသွေ့ခြောက်သွားရခြင်းဟာ အဆုံးမရှိ၊
နာကျင်မှုလည်းမရှိ၊ ရွေ့လျားမှုမရှိတဲ့ နာကျင်မှုရဲ့
ရွေ့လျားမှုဟာ အဆုံးမရှိ၊
သူ့ရဲ့ဒေဝကြီးဖြစ်တဲ့ သေခြင်းထံကိုပဲ
သောင်ပြင်ပေါ်ကအရိုးခြောက်ဟာ တောင်းဆုပြုလို့။
တစ်ခုတည်းသော ‘သတင်းကောင်းပေးပို့တော်မူခြင်း’ ရဲ့
ခက်ခက်ခဲခဲဆုတောင်းရခြင်း
ရဖို့ခက်ခဲတဲ့တောင်းဆုကလွဲလို့ပေါ့။
ထင်ရတာကတော့ လူဟာအသက်ရလာလေ
အတိတ်ဟာ အခြားအဆင်တစ်ခုရှိခဲ့ပုံကိုသိရလေ၊
ကြောင်းကျိုးစဉ်ဆက်မျှသာအဖြစ်ကနေ ဖွံဖြိုးတိုးတက်မှုအနေအထားကပင် ရပ်တန့်လို့သွားတာ၊
ဖွံ့ဖြိုးမှုဆိုတာဟာလည်း တစိပ်တပိုင်းအယူလွဲခြင်းပဲ
ဆင့်ကဲဖြစ်စဉ်ရဲ့အပေါ်ယံအယူအဆတွေကိုယုံမှားခြင်း
အများစုရဲ့စိတ်ထဲမှာ အတိတ်နဲ့ဖြတ်တောက်နည်းလို့
ထင်ရိုးမှားလေချင်း။
စိတ်ချမ်းမြေ့မှုအခိုက်အတန့်ဆိုတာ သာမန်နေလို့ထိုင်လို့
ကောင်းနေတာမျိုး၊အောင်မြင်မှု၊ပြည့်ဝမှု၊လုံခြုံမှု၊
သံယောဇဉ်ရှိမှုတို့နဲ့မတူ၊မြိန်ရည်ယှက်ရည်စားလိုက်ရတဲ့
ညစာနဲ့တောင်မတူတဲ့
ရုတ်တရက်ထိုးထွင်းသိမြင်ခြင်းပဲဖြစ်တယ်။
အဲဒီတွေ့အကြုံကို မိမိတို့ရလိုက်တယ်
အဓိပ္ပါယ်ကိုတော့မရခဲ့ကြဘူး။
(အပိုင်း ၂ ရဲ့ ၃)
အဓိပ္ပါယ်ကိုချဉ်းကပ်ခြင်းဟာ အတွေ့အကြုံကို
ပြန်ရစေတာဆိုပေမယ့် မူလအရာမဟုတ်တော့ပဲ
ပုံသဏ္ဍာန်ဟာပြောင်းသွားတယ်၊
စိတ်ချမ်းမြေ့မှုအဓိပ္ပါယ်ရဲ့ဆန့်ကျင်ဘက္မှာလေ။
ယခင်ကလည်း မိမိပြောခဲ့ဖူးပါတယ် —
အဓိပ္ပါယ်ကနေ ပြန်ရရှိတဲ့အတွေ့အကြုံဟာ
ဒီဘဝတစ်ခုစာအတွေ့အကြုံတင်မဟုတ်ပဲ
မျိုးဆက်များစွာရဲ့အတွေ့အကြုံတွေလည်းဖြစ်တယ်
ပြီး၊ပြန်ပြောပြမတတ်အောင်ဖြစ်ရတဲ့
အရာတစ်ခုခုကို မေ့လျော့ခြင်း —–
မှတ်တမ်းဝင်သမိုင်းရဲ့ နောက်ကျောကနေ
နောက်ဘက်လှည့်ကြည့်တဲ့အကြည့်
ပုခုံးပေါ်ကနေ နောက်ပြန်လှည့်ကြည့်လိုက်တဲ့
အကြည့်တစ်ဝက်
ရှေးကျတဲ့ ရှေးဦးတုန်လှုပ်ခြောက်ခြားမှုကြီးဆီ။
အခု မိမိတို့ ရှာဖွေတွေ့ရှိလာခဲ့ကြတာတွေကတော့
ပြင်းထန်တဲ့ဝေဒနာရဲ့ အခိုက်အတန့်တွေဟာ —–
(နားလည်လွဲမှုကြောင့်ဖြစ်စေ၊ မအပ်စပ်ပဲ လွဲမှားတဲ့
အရာတွေကိုမျှော်လင့်လိုက်မိလို့ဖြစ်စေ၊
မကြောက်အပ်တဲ့အရာတွေကို လွဲမှားမှားကြောက်ရွံမိလို့
ဖြစ်စေ၊ဒါတွေကိုထည့်ပြောစရာမလိုဘူးလေ)—
အချိန်ကာလမှာ ရှိသလောက်တည်မြဲနေခြင်းနဲ့ပဲ
တန်းတူတည်မြဲနေရတာပျဲဖစ်တယ်။
အခြားသူတွေရဲ့ပြင်းထန်တဲ့ဝေဒနာခံစားရမှုမှာ
ဒါကိုမိမိတို့ပိုသိမြင်ကြရတယ်၊ကိုယ်တိုင်ခံစားရသလောက်
နီးပါး၊ ကိုယ်တွေ့ဝေဒနာထက်အောင်ပင် သိမြင်ရ၊
ဒါဟာဘာကြောင့်ဆိုတော့ မိမိတို့လုပ်ဆောင်ခဲ့ရာ
လှိုင်းတွေအောက် မိမိတို့ရဲ့အတိတ်ဟာ
ဖုံးကွယ်ခံလိုက်ရလို့ပဲ။
သူတစ်ပါးရဲ့ ကြီးမားတဲ့ဆင်းရဲဒုက္ခဟာလည်း
မိမိတို့အတွက်အတွေ့အကြုံပါပဲ၊
ချဲ့ထွင်ပြောပြလို့လည်းမရ၊ နောက်ဆက်တွဲအားဖြင့်
ဆုတ်ယုတ်ကျဆင်းလာခြင်းကိုလည်း
ဆုတ်ယုတ်သွားအောင်မပြုနိုင်ကြဘူး။
လူတွေဟာပြောင်းလဲကြတယ်၊ပြုံးတတ်ကြတယ်၊
ဝေဒနာတော့မပျောက်ကင်းသွားကြဘူး။
ချေမှုန်းဖျက်ဆီးတဲ့ကာလတရားဟာ
ထိမ်းသိမ်းထားရှိတဲ့ကာလတရားလည်းဖြစ်တယ်။
နီဂရိုးအလောင်းတွေ၊နွားတွေ၊ကြက်လှောင်အိမ်တွေ၊
ခါးသက်တဲ့ပန်းသီးနဲ့ ပန်းသီးပေါ်ကကိုက်ရာကိုပါ
ကုန်စည်တွေအဖြစ် သယ်ဆောင်လာတဲ့
မြစ်လိုပဲ။
ပြီး၊အသောမတတ်လှုပ်နေတဲ့ရေပြင်ကနေ
ထိုးထိုးထောင်ထောင်မညီမညာကျောက်ဆောင်တန်းတွေ
လှိုင်းတွေဟာ ယင်းတို့ပေါ်ရိုက်ခတ်ဆေးကြော
မြူတွေဟာ ယင်းတို့ကိုမမြင်ရအောင်ကွယ်ဝှက်လို့
သာယာပျော်ရွှင်နေ့မျိုးမှာဆို ယင်းတို့ဟာ
အထိမ်းအမှတ်မော်ကွန်းတိုင်တွေပေါ့
မိုးလေဝသကောင်းမွန်ရင်
ရေပြင်လမ်းကြောင်းရေးဆွဲဖို့
ပင်လယ်ရဲ့အမြဲတန်းအမှတ်အသားတစ်ခုပေါ့၊
ညှိုးငယ်ညို့မှိုင်းရာသီမှာတော့
အမျက်ဒေါသရုတ်တရက်ပေါက်ကွဲ
နဂိုမူလဗီဇဟာ ပြန်ပေါ်လာတော့တာပါပဲ။