ကျူပင်

ထုတ်ချင်းပေါက်ဝင်သွားတဲ့ ခန္ဓာကွေးကွေးလေးကို ကလေးဟုခေါ်ရန်။ ကြောက်ရွံ့မှုထက်စိုးရိမ်ပူပန်မှုနဲ့ပိတ်မှာမဟုတ်တော့တဲ့မျက်လုံးဟာမိခင်ပေါ့။ ကောင်းကင်တွေကြားမီးခိုးငွေ့တွေကိုနားမလည်တဲ့မေးခွန်းလိုမကျွတ်မလွတ်တဲ့အထိကြည့်လို့။ ရပ်ရွာစွန့်ပြေးခြင်းကို စစ်ဘေးရှောင် ဟုသုံးစွဲရန်။ ဖြစ်နိုင်ရင် စစ် ဆိုတဲ့အသုံးအနှုန်းကိုဖျောက်ထားရန်။ ရန်သူကိုနှိမ်နင်းရန်။ ရန်ကိုရန်ရန်။ မကြာခင်ဆူပွက်လာတော့မယ့်ထမင်းအိုး။ မကြာခင်ဆူပွက်လာတော့မယ့်။ ရွာကိုမီးအကြောင်းသွန်သင်ခြင်း။ ဗျူဟာဆိုတာပလာနတ္ထိဖြစ်စေဖို့။ တစ်ခဏဟာတစ်ဘဝလုံးကုန်ဆုံးတဲ့အထိလောင်မြိုက်။ တစ်နေ့မဟုတ်တစ်နေ့ တစ်နေရာမဟုတ်တစ်နေရာ တစ်ရွာတစ်ပုဒ်မဆန်း။ သေးဝေးနီးမြန် ဆီးပန်းနီဆရာတော် — သေးရင်ဝေးရင် နီးရင်မြန်ရင် မမြင်ရဘူး။ မရှင်ရဘူး။ ဒရိုးန်နဲ့ရှင်းလည်း ရိုင်းစိုင်းတဲ့လောက။ ပြာပုံအောက်မှာမီးခဲ။ ဘယ်ခြေချပြီးညာခြေမြှင့် ညာခြေချပြီးဘယ်ခြေမြှင့် အလျင်နဲ့ပေါင်းစပ်ရင် ပြေးသည် ကြိယာ ပြေးခြင်း နာမ် အသက်လု၍ပြေးရသည် ဝါကျ။ ရှူခြင်းမှာမကွဲပြား ရှင်ခြင်းမှာလင်္ကာမလှ သင်္ခါရကိုရခြင်းမလွတ်။ ပြာတွေ့ရင်ရွာရွေ့မယ်။ တစ်ပင်ရဖို့ တစ်တောလုံးခုတ်ထွင်။ မီးကျွမ်းငုတ်တိုင်တွေမှာ ထွင်းသွားတဲ့ ကျည်အက္ခရာစဉ်။

ဇယလ
၉ စက် ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>