ဒီဆွန်းနက်တွေကိုသေချာဖတ်ရင် အပိုင်းအစ fragments တွေနဲ့ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။ မတူကွဲပြားကြတဲ့ အပိုင်းအစတွေကို ယှဉ်တွဲချိတ်ထားတာဖြစ်တယ်။ juxtaposition ပေါ့။ fragments တွေကို juxtaposition နဲ့ ယှဉ်တွဲချိတ်ဖွဲ့စည်းခြင်းကို collage လို့ခေါ်တယ်။ မော်ဒန်နစ်ဇင်မ်ရဲ့အမွေ။
၁၄ကြောင်းမို့လို့ ဆွန်းနက်လို့ ခေါ်ပေမယ့် ကျနော်ကတော့ ကော်လာ့ဂ်ျ လို့ပဲမြင်တယ်။ ထားပါတော့၊ ကော်လာ့ဂ်ျ-ဆွန်းနက်ပေါ့။ ဥပမာထုတ်ပြရရင် —
အရည်မရ အဖတ်မရ ဆွန်းနက်
၁။
ဝန်မခံချင်ပေမယ့် ကိုယ်တို့ ပြောင်းလဲသွားကြတယ်
ကလေးဘဝက အရသာတွေ့လှတဲ့ ငါးသေတ္တာကို ကိုယ်
အခု မကြိုက်တော့
၂။
အသွင်သဏ္ဍာန်တွေ ဆိုတာကလည်း အခုပဲ နှင်းဆီဖူး
အခု နှုတ်ခမ်း အခု စအိုဝ
၃။
သူတို့ရဲ့ ပန်းရောင်ဝါဒကတော့ မပြောင်းဘူးလို့
သင် ငြင်းခုံမယ် မဟုတ်လား
သင်ကရော ထရော့စကီဝါဒီလား
ဒါမှမဟုတ် လေနောက်ကို လိုက်နေတဲ့ ဇင်ကိုယ်တော်လား
၎။
ကိုယ်ကတော့ ဆရာဝန်အမည်ခံ ကဗျာဆရာအမည်ခံ
အိမ်ထောင်ဦးစီးအမည်ခံ အရည်မရအဖတ်မရ စကားနိုင်လုသူမျှ
၅။
အတွင်းသား ဆိုတာကရော ဂလိုဏ်ထဲက ဗွက်တွေ
မဟုတ်ရင်
အလေ့ကျ မြက်ရိုင်းတွေ ဒါ့အပြင် ဘာဖြစ်နိုင်ဦးမှာ
လဲ
၆။
ကိုယ်လည်း နေ့ရက်တွေကို ကြံကြိတ်ဖတ်တွေ
ဖြစ်ကုန်တဲ့အထိ အသုံးချပါတယ်
ငါးသေတ္တာဘူးခွံတွေကိုတောင် မပစ်ပဲ နှင်းဆီပန်း
အိုးထဲထည့်တယ်
၇။
ဒါပေမယ့် နေ့စဉ်ဝယ်နေကျ ဈေးသည်က လိမ်လိုက်
သလို
မှန်ကပဲ ကြည့်သူကို ဂျင်းပြန်ထည့်တာ မဟုတ်လား
၈။
ရာသီဥတုကောင်းတဲ့အခါ ပျားမွေးမယ်လို့ တွေးသူက
တွေးတယ်
နောက်မှ ပျားဖွပ်ခေါင်းစွပ်ကြီးထဲ ယူကျုံးမရ ငိုချင်လည်း
ငိုပေါ့
၉။
တကယ်ပါ ဘယ်အရာဟာ ဘယ်အရာရဲ့ အတွင်းထဲမှာလဲ
ကိုယ် တကယ်မသိခဲ့ပါဘူး
၁၀။
ကိုယ်တို့ တကယ်ပြောင်းလဲသွားတဲ့အခါ ဒီတိုင်းပြည်ကို
စွန့်ကြမယ်
ဖတ်သူပေါ်မူတည်ပြီးတော့တော့ကွဲပြားမယ်ထင်တယ်။ကျနော့်အတွက်တော့ ဒီအပိုင်းအစ ၁၀ပိုင်း ထွက်လာတယ်။
အဲဒီ fragments တွေကို တစ်ခုလုံး (ဝါ) တစ်လုံးတစ်စည်းဖြစ်ဟန်ပေါက်အောင် ချိတ်ဆက်စကားတွေ ပညာသားပါပါသုံးစွဲထားတာတွေ့ပါလိမ့်မယ်။
#၁ မှာ ယခင်နဲ့ယခုမတူတော့ပုံ ဟာ ‘ပြောင်းလဲ’။
#၂ မှာ ‘လည်း’ ။
#၃ မှာ ‘ရော’၊’မပြောင်းဘူး’၊ ‘ဝါဒ’ နဲ့ ‘ဝါဒီ’၊ ‘ဒါမှမဟုတ်’။
#၄ မှာ ‘တော့’၊ ‘အမည်ခံ’ ထပ်ကြော့။
#၅ မှာ ‘ဆိုတာကရော’ ၊ ‘မဟုတ်ရင်’။
#၆ မှာ ‘လည်း’၊ ‘တောင်’။
#၇ မှာ ‘ဒါပေမယ့်’၊ ‘သလို’၊ ‘ကပဲ’၊’မဟုတ်လား’ ပြန်ကောက်။
#၈ မှာ ‘နောက်မှ’၊’ပျား’ နဲ့ ‘ပျားဖွတ်ခေါင်းစွပ်ကြီး’။
#၉ မှာ ‘တကယ္ပါ’၊ ‘အတွင်းထဲ’။
#၁၀ မှာ ‘တကယ်’၊ ‘ပြောင်းလဲ’ ပြန်ကောက်။
ထောင်လိုက်ချိတ်ဆက်မှုဒီဇိုင်း။
ဇယလ
၂၅ သြဂုတ် ကိုဗစ်၂၀