ဘယ်ကြားရမလဲ သူပြောနေတာ ဒီလောက်ဆူညံသံကြီးနဲ့ အာရုံစိုက်ဖို့ကလည်း ခွက်တွေထဲဗွက်ပေါက်နေပြီ မနက်ဖန်မှာလည်း တိုင်းပြည်ဟာ ငိုနေတဲ့ကလေး မုန့်ကျွေးချော့လိုက်သလို မဟုတ်ရင် ခေါင်းထဲအထိတ်တလန့်လိပ်ပြာတွေထပျံသွားအောင် ၃. ၄. ချက်ခေါက်လိုက်သလို ငြိမ်းချမ်းသွားမှာမှမဟုတ်တာ ဒုတိယလှိုင်းကိုစီးကြရဦးမှာပဲလို့ ကပ်ရဲ့ကမ်းခြေကို ရောဂါကလှမ်းပြောလိုက်တယ် ကြားမကြားတော့မသိဘူးပေါ့ အလိုတွေကများ အရတွေကနည်း ဆင်းရဲတဲ့အရပ်မှာ မစ္ဆရိယမင်းမူတာ ဟုတ်လား အဲဒါနားစွန်နားဖျားလား တစ်ပုံစံတည်းဖြစ်နေမှ ကျားဘယ်လိုဆွဲဆွဲ မကွဲကြမှာတို့ ဘယ်သူမဆိုလိုပါပဲ ကိုယ်လည်းခွင့်ပြုချက်ရငြီးငွေ့မှုထဲက ထွက်ကြည့်တာ အနှောင်းကြီးနှောင်းနေတဲ့မိုးကုပ်စက်ဝိုင်းရဲ့ တံစက်မြိတ်မှာပဲ ကိုယ့်ခြေရာကို ပထမဆုံးအကြိမ်လိုလို ပြန်တွေ့ရတာ
စံနှုန်းလို့ခေါ်တဲ့ စည်းရိုးအချို့အရဆိုရင် ဒါဟာသာသနာ့နတ်ဆိုးဧက ဟုတ်မဟုတ်ဆိုတာ မသေချာပေမင့် အများညီ ဤကိုဟုတ်သည်ပဲယူလိုက်တာ အန္တရာယ်ကင်းပါတယ် ကိုယ့်လူ ကိုယ့်ဆီတန်းတန်းမတ်မတ် ပျံသန်းရောက်လာတဲ့ ကျီးကန်းဟာ ကိုယ့်ကိုကျော် ဝဲပတ်ပြီး နောက်တစ်ခေါက်တန်းတန်းမတ်မတ် မျက်လုံးထဲလာစိုက်ကြည့်သွားတာ ပြီး ဆူညံသံကြီးထဲမှာပဲ ပျံသန်းသွားတော့တယ် ကိုယ်ဟာအာရုံတစ်ခုခုမှာနစ်နေခဲ့လို့ပဲထင်တယ် ဘာမှမသိလိုက်တာ ဘာမှမကြားလိုက်တာ ကြိုးစင်ပေါ်ရောက်မှပဲ ကိုယ့်ကိုတခဲနက်အားပေးဖို့ ပရိသတ်လက်တွေထဲဆုပ်ကိုင်ထားကြတဲ့ခဲလုံးတွေ ပုလင်းကွဲတွေ ကြိမ်းမောင်းကျိန်စာတွေ ဒီမှာကြည့် လူတစ်ယောက်မှာ သူကိုယ်တိုင် သူစိမ်းဖြစ်ပိုင်ခွင့်မရှိရဘူးလို့ ဘယ်သူမှမကြားဘူးဘူးလား အဲဒီအခေါင်းလိုခေါင်းထဲ အဲဒီလင်းနို့အုပ်ကြီးအဲသလောက်များသလား တောင္ပံပါပေမယ့် ဇောက်ထိုးကြီးတွေနဲ့နေ့ညသင်္ဂဟတွေ ညမည်းကြီးရဲ့အမွေးရှည်ကြီးတွေလိုအပေါင်းအသင်းတွေ ဒီတစ်ခေါက်တကယ်ထွက်ပါမယ်လို့ ကတိကိုသတိမရတဲ့လလိုပါပဲ လူလိုနေရတာဘယ်လောက်လိမ်ကောက်ကွေးနေသလဲဆိုတာ နောက်ဆုံး ဆန့်ဆန့်ကြီးဖြစ်တော့မှပဲ အသက်ရှူချောင်တော့တယ်လို့ တစ်ယောက်ယောက်က တီးတိုးပြောသွားတာဟာလည်း အစွန်အဖျားသစ်ကိုင်းဟာ သူ့ချည့်သက်သက်လှုပ်နေသလိုပါပဲ
ဇယလ
၂၂ သြဂုတ် ၂၀