အောင်ခင်မြင့်ရဲ့’ဆွန်းနက်များ’ (၄)

နာမ်စားများနှင့် ‘ကစား’သူ။

သူများတော့မသိဘူး၊ကျနော့်အတွက်တော့ ကဗျာတစ်ပုဒ်ဖတ်တယ်ဆိုတာ ဘာသာစကားနဲ့ပြုလုပ်ထားတဲ့ စာသားလောကထဲဝင်ရခြင်းပါပဲ။ကဗျာမှမဟုတ်ပါဘူး၊ ‘ပြောရဦးမယ် သိလား’ နဲ့အစချီတဲ့ ဖြစ်ကြောင်းတစ်ခုပြန်ပြောပြတာကိုနားထောင်ရတာလည်း စာသားလောကတစ်ခုပါပဲ။ကွာတာက ရည်ရွယ်ချက် နဲ့ ဖွဲ့စည်းတည်ဆောက်ပြုလပ်ပုံ။သတင်းပေးဖို့နဲ့ ဖန်တီးမှုရသ ပေးဖို့။လောကီသရုပ်မှန်ယုတ္တိအသွားနဲ့ လောကီသရုပ်မှန်ယုတ္တိကိုလွန်ဆန်ဖို့များတဲ့အသွား။ယေဘူယပြောရရင်တော့ ‘စကားပြေ’ အသွားနဲ့ ‘ကဗျာ’ အသွားပေါ့။
ကဗျာပုဒ်ထဲဝင်ရောက်ရင်လည်း ရပ်တည်ရာတစ်ခုခုကိုရှာရပါတယ်။frame ဘောင်တစ်ခုခုပေါ့။ပြီးတော့ ကဗျာထဲပြောနေတဲ့သူ။များသောအားဖြင့် အစဉ်လာကဗျာတွေဟာ ရေးသူရဲ့တွေ့ကြုံခံစားမှုကို ရေးသူကိုယ်တိုင်ရှုထောင့်ကရေးတာဖြစ်ပြီး ဖတ်သူဟာ ထိုရေးသူ(ဝါ)ပြောသူရှုထောင့်ထဲဝင်ပြီးတစ်လိုင်းပြီးတစ်လိုင်း အဓိပ္ပါယ်ပြု အနက်ဖော်စုစည်းသွားပြီးနောက်ဆုံးလိုင်းအထိမျဉ်းဖြောင့်ဖတ်သွားရတာဖြစ်ပါတယ်။အဲဒီအတွက် ခေါင်းစဉ်ဟာလည်း ဘောင်တည်ဆောက်ဖို့အချက်ပြနေတာလည်းဖြစ်ပါတယ်။အစဉ်အလာကဗျာပေါ့။
အောင်ခင်မြင့်ရဲ့ ဆွန်းနက်များ ၃ပုဒ်ဖတ်ပြီးသွားတာနဲ့ ကျနော့်သိမှုမှာအချက်ပေးခေါင်းလောင်းတွေမြည်နေပြီ။ခေါင်းစဉ်ကိုယုံကြည်အားကိုးပြီးဘောင်တစ်ခုသတ်မှတ်ဖတ်ရှုမရဘူးဆိုတာ။

ဆွန်းနက်မျာ

ပြဿနာက ‘သို့’ နဲ့ ‘အတွက်’။ ‘…သို့ ဆွန်နက်’ နဲ့ ‘…အတွက် ဆွန်းနက်’။ တစ်ယောက်ယောက်/တစ်ခုခု ကို ရည်ညွှန်းတာ။ အဲဒီ တစ်ယောက်ယောက်/တစ်ခုခု ‘အကြောင်း’ မဟုတ်ဘူး။ အင်္ဂလိပ်ဆိုရင်တော့ ‘to’ နဲ့ ‘for’ ဟာ refer လုပ်နေတာ။ညွှန်းနေတာ။ about တစ်ယောက်ယောက်/တစ်ခုခုမဟုတ်ဘူး။ about a/the subject မဟုတ်ဘူး။ဒါမှမဟုတ် တိတိကျကျမဟုတ်ဘူး။ X သို့/အတွက် ဆွန်းနက် ဆိုတော့ X ထံရည်စူးရေးတဲ့ ဆွန်းနက် ဆိုတဲ့ ကဗျာအမျိုးအစားတစ်ခု။ X ရေ၊ ဒီဆွန်းနက်လေးဖတ်ကြည့်ပါဦး။မင်းအတွက်ဆိုပေမယ့် မင်းအကြောင်းသက်သက်ကြီးမဟုတ်သလို မင်းအကြောင်းဟာ အစိပ်အပိုင်းရဲ့အစအနတစ်ခုပဲဖြစ်ရင်ဖြစ်နေမယ် လို့ ပြောလိုက်သလိုမျိုး။ ခေါင်းစဉ်ထဲက X ဟာ တစ်ပုဒ်လုံးမှာ X လို့တပ်ပြီးပါတာ ၂ကြောင်းလောက်ပဲပေါ့။

ဆိုလိုတာက ခေါင်းစဉ်ထဲက X ကိုအားကိုးလို့မရဘူးပေါ့။ယုံကြည်လို့မရဘူးပေါ့။ဘာအကြောင်းရေးတာဆိုတဲ့အစဉ်အလာကဗျာမဟုတ်ဘူးပေါ့။ဖတ်ရ’ခက်’ပြီပေါ့။ဖတ်ခြင်းအလုပ်ကိုလုပ်ရတော့မယ်ပေါ့။
ခေါင်းစဉ်အားကိုးမရပါဘူးဆိုနေမှ နာမ်စားတွေလည်းကြည့်လိုက်ပါဦး။ စုစုပေါင်း ၅၄ ပုဒ်မှာ ——-
‘ငါတို့’ က ၂၅ပုဒ်
‘ငါ’ က ၁၆ပုဒ်
‘သင်’ က ၁၆ပုဒ်
‘မင်း’ က ၁၂ပုဒ်
‘ကိုယ်’/ကိုယ့်’ က ၁၀ပုဒ်
‘ကိုယ်တို့’ က ၅ပုဒ်
‘ကျွန်တော်တို့’ က ၂ပုဒ်
‘ကျွန်တော်’ က ၁ပုဒ်
‘အသင်’ က ၁ပုဒ်
‘ခင်္ဗျား’ က ၁ပုဒ်။
ပြီး၊ အများနဲ့ ယေဘူယျပြောတဲ့ ‘ဘယ်သူ’ က ၁၀ပုဒ်။

အဓိကပြောနေသူဟာ တစ်ကိုယ်ရည်ပုဂ္ဂလိက ‘ငါ’ ထက် ‘ငါ’အပါအဝင် ‘ငါတို့’ ဖြစ်ပါတယ်။ဒီ ‘ငါတို့’ ဟာဘယ်သူတွေလဲပေါ့။ ဆက်စပ်ဝန်းကျင် context ကြည့်ရှာစရာလည်းမရှိတဲ့ ‘ငါတို့’ တွေ။ ဘယ်သူမှန်းမသိရတဲ့ ‘ငါတို့’ ပေါ့။ကြည့်ပါလေ —-
– ငါတို့ မမြင်ရတဲ့ ခွေးသန်းကလေးတွေပဲ သေလိုက် ပြန်မွေးလိုက်
– ဒီဘက်နှစ်တွေမှာ ငါတို့လည်း အဖြစ်အပျက်တွေနောက် မလိုက်နိုင်တော့ဘူး
– ငါတို့ငြိမ်သက်လို့ မျက်မှောင်ကြုတ်ပြီး ဆုတောင်းလို့
– ငါတို့လည်း အမြီးတနှန့်နှန့်နဲ့ ခြေကြိုခြေကြားတွေထဲ လိုက်ရှာတာပါပဲ
– ငါတို့ဟာ ရင်ပြင်တွေဆီ ထွက်လာတဲ့အခါ
– ပြီးတော့ ငါတို့လျှာတွေ ထိမ်းသိမ်းခံရ ခုတင်တစ်လုံးပေါ်မှာ
– ညနေရောက်တော့ ငါတို့အားလုံး မှိုတောက်ကြတယ်

စသည်ဖြင့်။
ဒီ ‘ငါတို့’ ဟာကျောင်းသားတွေလား။ အပေါင်းအဖော်အပေါင်းအသင်းတွေလား။ အများပြည်သူလား။ ‘ငါ’ က ပြောနေတဲ့သူ ‘မင်း’ နဲ့နှစ်ယောက်ပေါင်းလား။ ရေးသူနဲ့ဖတ်သူလား။ဂျာမန်လို ဒေါ်ပလ်ဂဲငါ doppelganger ရေးသူ/ပြောနေသူနဲ့အတူ ရေးသူ/ပြောနေသူရဲ့ ကိုယ်ပွားအရိပ်လား။ ‘မနူဟာအတွက် ဆွန်းနက်တစ်ပုဒ်’ ရဲ့အဖွင့်လိုင်းမှာ
‘တစ်ယောက်တည်း သင် ဘယ်နှကိုယ် ခွဲနိုင်သလဲ’ လို့ ပါရှိပါတယ်။

အချို့အပုဒ်တွေမှာဆို ‘ငါတို့’ ရော ‘ကိုယ်တို့’ ရော ‘ငါ’ရော ‘သင်’/’မင်း’ ရောပါရှိကြပါတယ်။ ဥပမာ၊ ‘နံနက်ခင်းရဲ့ဆွန်းနက်’ မှာ
‘ ရိုးရိုးမှန်တွေမှာတော့ ငါတို့ အရိပ်တွေ မစွဲတာ ကြာလှပေါ့ (ဒေါ့ပလ်ဂဲငါ ကိုပြောနေသလား)
မှန်ရှေ့ရပ်ရင် မင်္ဂလာပါ ငါ နဲ့ ချွတ်စွတ်တူတဲ့ စစ်ရှုံးဘုရင်ကြီးရေ
စသဖြင့် မှန်က သင့်ရုပ်သွင်ကို ကြေညာပေးလိမ့်မယ်’

‘အချစ်ဆွန်းနက်’ မှာ
‘တံခါးလာခေါက်တော့ ကိုယ်တို့ ချစ်လက်စကြီးလေ မှတ်မိလား
နောက်တော့ ငါတို့ ယုံကြည်မှုတွေ တစ်ကြိမ် ထပ်ပြောင်းခံရတယ်
ဆေးအညွှန်းတွေဆို ငါ သေသေချာချာ ဖတ်တယ်’

နာမ်စားအရွှေ့/အရွေ့ pronoun shift တွေပေါ့လေ။
အကျိုးဆက်ကတော့ ဘောင်အရွှေ့/အရွေ့။ ဘောင်တစ်ခုချပြီးအဲဒီဘောင်ထဲ တသမတ်တည်းတောက်လျှောက်ဖတ်သွားလို့မရတာ။ frame shifting ကြောင့် ရှုထောင့် perspective shift ပါလိုက်လုပ်ရ/ဖြစ်ရတာ။disjunctive ယုတ္တိချိတ်ဆက်ပြတ်ခုန်ကူးမှုတွေဖြစ်ရ/လုပ်ရတာ။

ကဗျာတစ်ပုဒ်တည်းမှာပဲ နာမ်စားအမျိုးမျိုးသုံးတာဟာ ကျနော်သိသလောက် ပို့စ်မော်ဒန်လစ်ရစ်က် postmodern lyric ကဗျာအမျိုးအစားမှာ တွေ့ရတတ်ပါတယ်။ သမရိုးကျလစ်ရစ်က်ကဗျာရဲ့ ပြောသူ ‘ငါ’ ကိုအခိုင်အမာကြီးတည်ဆေက်ထားပြီး အဲဒီ ‘ငါ’ ကနေ ရေးသူဟာ ဆိုလိုချင်တာတွေထုတ်လွှင့်နေတဲ့ လစ်ရစ်က်’ငါ’ အယူအဆကိုချေဖျက်ဖို့ နာမ်စားအမျိုးသုံးလိုက်တာဖြစ်ပါတယ်။ ‘နာမ်စားတွေနဲ့အက်ရှဘရီ’ မှာပါရှိဘူးပါတယ်။ဘယ်သူဘယ်ဝါဆိုတာဖမ်းဆုတ်ကိုင် လို့မရေ‌အောင် allusive ဖြစ်တာရယ်၊ တိတိပပဆုပ်ကိုင်သတ်မှတ်ပြောဆိုလို့မရတဲ့ indeterminacy ဖြစ်တာရယ်၊အနက်ခွ ambiguity ဖြစ်တာရယ်၊ Subject နဲ့ Object လှည့်ကစားလိုက်တာရယ်တို့နဲ့များသက်ဆိုင်နေမလားပေါ့။ အဲသလိုဆို ပြောနိုင်တာက အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ ဟာ ပို့စ်မော်ဒန်-ကွန်တမ်ပရီကဗျာအမျိုးအစားဝင်ဖြစ်တယ်ဆိုတာပါပဲ။

ဇယလ
၂၁ သြဂုတ် ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>