ကိုယ်ဘယ်အထပ်သွားရမယ်မှန်းမသိရင်
ဘယ်လှေကားတက်ရမှန်းသိမှာမဟုတ်ဘူး
လှေကားမှားတက်လို့ ဘဝပျက်သွားတာတွေလည်း
ရှိကောင်းရှိမှာပေါ့ (အခုတော့လွယ်သွားပြီလေ
ပျက်လည်းခတ်မတ်မတ်ပဲ ဓာတ်လှေကားတွေရှိပြီမို့)
လှေကားမှားခဲ့လို့ အထပ်မှားခဲ့လို့
တွေ့ရမယ့်သူမတွေ့လိုက်ရပဲ မတွေ့ရမယ့်သူကို
တွေ့ရမယ့်လူလို့မှားပြီး ဆက်မှားဖို့
ဒီနေ့ဟာလည်း တနင်္လာပဲလား
တနင်္လာတွေအများကြီးလည်းမှားယွင်းခဲ့ကြလို့
ဝန်ကြီးများရုံးမှာ မြန်မာကျပ်ငွေ၅၀၀ ပေးပြီး
ဂိုက်ကောင်လေးက ဟိုဒီခေါ်သွား
ရာဇဝင်ကို ဝေဝေဆာဆာခင်းပြတယ်
ဗိုလ်ချုပ်လည်းမှားယွင်းခဲ့လို့မို့
တိုင်းပြည်လည်းသမိုင်းလွဲချော်ခဲ့လို့မို့
မူလအဆောက်အဦဟာ သံထည်တွေလေးခဲ့လို့
လျာထားချက်နဲ့မသိမသာနိမ့်ကျခဲ့ရတယ်
“မင်းတို့ ဘာကိစ္စရှိလဲ”ဟာ ဗိုလ်ချုပ်ရဲ့
နောက်ဆုံးမေးခွန်းဖြစ်ကောင်းဖြစ်ခဲ့မယ်
(အဖြေဟာ ဒီနေ့အထိ ကျည်ဆန်ပဲ)
လုပ်ကြံသတ်ဖြတ်သူဟာချာတိတ်လေးပဲရှိသေးတယ်
နံရံက မူလကျည်ဆံပေါက်တွေကို
အင်္ဂတေတွေခွာပြီး ပြန်ရှာယူရတယ်
ပြင်ရေးမလားဆိုတော့လည်း
နဂိုကတည်းကအမှားတွေနဲ့အရိုးစွဲနေကြပြီမို့
မနက်ဖန်ဟာ ပသို့ဆိုစေ ဒီနေ့ထက်တော့
ပိုပိုသာသာတည့်မတ်ပါစေလေ
ကြောင်လိမ်လှေကားဟာလည်း အထပ်မှားတဲ့
လှည်းစားမှုအလိုအရ ဘဝဖြစ်နေသမို့
စစ်ဖိနပ်သံတွေပဲ့တင်တဲ့ အိပ်မက်လှေကားတွေ ညစ်ထေးလို့
နတ်ပြည်နဲ့ငရဲပြည်လည်း အထပ်ထပ်
အထပ်ထပ်အမှားအယွင်းတွေနဲ့ဆင်းတက်လို့
အချိန်တန်ရင်အဖေလည်းမလွဲမသွေသိခဲ့ရတာ
တစ်ချိန်မှာ သားလည်း မျက်ဝါးထင်ထင် မြင်သိလာရမယ့်
နေ့စဉ်ဘဝရဲ့ပဟေဠိ
ဒါနဲ့ မနက်ဖန်လည်း တနင်္လာပဲလား
တစ်ပတ်ခွန်နှစ်ရက်တနင်္လာတွေချည့်ထဲမှာ
သွားကြည့်လိုက်ပါ ဝန်ကြီးများရုံးအတွင်းမြက်ခင်းဟာ
– – – သမိုင်းရဲ့ဟောင်းလောင်းပေါက်ကြီးတစ်ခုထဲမှာ – – –
စိမ်းမြဲစိမ်းလန်းစိုပြေ
ကျည်ဆံတွေ ဖြစ်ရပ်မှန်/မှားတွေ သမိုင်းရဲ့ကိုယ်ကျင့်တရား
တနင်္လာရဲ့ဘာသာစကားတွေနဲ့
စိမ်းကားချင်တိုင်းစိမ်းလန်းလို့နေတာလေ
အလံတိုင်လိုလှေကားထစ်တွေမှာ
ဘယ်အထပ်လိုဘယ်အလံဟာ
ဘယ်လိုလေထဲလွင့်နေသလဲလို့…..
ဇယလ
၁၇ သြဂုတ် ၂၀