ကြည့်မရတာတွေလည်း
မကြည့်ပဲနဲ့အပြန်အလှန်ပေါ့
မီးဖိုပေါ်ကရေနွေးအိုးဟာ
ဘယ်သူအတွက်မှမဟုတ်ပွက်ပွက်ဆူ
အပင်ကလေး ပီပီပြင်ပြင်ရှင်သန်ဖို့.ကလေးငယ်လေးတွေ ဆေးရုံတွေကဆင်းရဖို့
လာမယ့်စစ်နဲ့ရှည်မယ့်လက်သည်း
တစ်သားတည်းဖြစ် တစ်သားတည်းပျက်ဖို့
ခုတ်ထွင်ရှင်းလင်းရမယ့်အရာတွေထဲ
ဒဏ်ရာနဲ့ပုပ်နေတဲ့
မိုးကုပ်စက်ဝိုင်းအပိုင်းအစတွေလည်းရှိကြတယ်
ပလတ်စတစ်ဗူး ကျ မကွဲ
ကြွေထည် ဖန်ထည် ကျရင်ကွဲ ရှ
အကွဲအရှတွေ လေထဲစီးသွားတဲ့
လူနာတင်ယာဉ်ပီးပေါ်ပီးပေါ်အသံလမ်းကြောင်းရဲ့
အတက်တစ်ဆစ်မှာရွက်နုသစ်လေးတွေ
ဘာရယ်မဟုတ် တိကနဲ ပြတ်ကျသွားတဲ့
စိမ်းစိုရှင်ရှင်အပင်ကလေး
စိမ်းစိုရှင်ရှင်ရင်တွင်းသံလေး
တစက္ကန့်မှာဘယ်နှကြိမ်ခုန်တာ
နှလုံးအမျိုးအစားလည်းပါတာပေါ့
နှလုံးရဲ့အရိုးအသား အကြောအရွတ်
အရောင်အစင်း ခံယူနိုင်ခြင်းပမာဏ
စကြာဝဠာရဲ့သဲတစ်မှုံနဲ့ ဆားတစ်ပွင့်ရဲ့ပင်လယ်သက်
ဖွဲ့စည်းမှုတွေရဲ့အသွေးအသားမို့
နှလုံးသား လို့ ခေါ်ကြတယ်
ကျရင် ကွဲတတ်တယ်
မကျပဲလည်း အထဲမှာ
အနာဖြစ်တတ်တယ် ဆားသိပ်ရင်လည်းသိပ်ရတယ်
မြိုက်တဲ့မီးထဲပဲ အဲဒီမီးကိုမြှိုက်ရတယ်
ပြာကြွေလွင့်စင်လို့ လင့်စင်ပေါ်က
သားကောင်တဖြစ်လဲ
အဝါရောင်လိပ်ပြာလေးဟာ
လေထဲတစ်ပတ်လှည့်ပြီးပြန်လာတော့
နတ်မှောင်တောင်ပံတွေပေါ်က
ဒဏ်အတက်အကျလက်ပြောင်းလက်လွှဲထဲလို
အဖြူအကွက်လေးတွေဝဲကတော့…
ဇယလ
၁၄ သြဂုတ် ကိုဗစ်၂၀