မီးပျက်သွားရင်အလင်းဘယ်ကိုရောက်သွားသလဲ
မီးပျက်သွားရင်အလင်းဟာမီးထဲပြန်ဝင်သွားတယ်ကွယ့်
တိတ်တိတ်ပုန်းနေစကနေရင်ဘတ်ကြီးကိုသိမ်းပိုက်
မယားမှတ်မှတ်သားမှတ်မှတ်သက်ဆုံးတိုင်ရင်ကြပ်နဲ့
စိတ်ကြီးလာရင်မျက်လုံးကြီးဟာမျက်လုံးအိမ်ထဲက
ပြူးပြဲခုန်ထွက်လာတတ်တယ် မျက်မှန်ခံလို့ပြုတ်မကျသွားတာ
ကမ္ဘာလုံးကိုကောက်ဖို့ထွက်လာတာ
ကမ္ဘာပြားထဲကိုရောက်သွားတယ်
အရက်ဆိုကောင်းမှ ဘဝဆို လောင်းမှ
နိုင်တာမနိုင်တာအပထား ရှုံးစရာမှမရှိတော့တာ
နာမည်ကသာမောင်မောင် လူကတော့ဇေယျပဲ
ကိုဗစ်မဖြစ်ခင်ကတည်းကသူ့ကိုယ်သူခေတ်ဦးပြီး
၆ပေအကွာမှာနေခဲ့ရတာတွေလည်းနေခြင်းပေါ့
မှောက်လျက်နဲ့တောင် တွင်းထဲလက်ထိုးနှိုက်ပြီး
ဂျောက်ဂျက်ကိုရှာနေတာ မော်ဒန်ကိုစော်ဖန်သလို
ပြီတီတီအပြုံးနဲ့ ကျင်စွယ်ဖြူမှာ မြူနဲ့မူဟာ
နှင်းတစ်လှည့်စီကျလို့ သူ့ဇာတိကဒဿနိက
သူ့နှလုံးဟာသူ့အတ္တသူ့ဘဝသူ့လူဖြစ်မှုပဓာန
‘စိတ်ပျက်ဖို့ကောင်းတာဟာစိတ္တဇဝေဒနာရှင်တွေ
လူဖြစ်မှန်းမသိဖြစ်နေကြပြီး သိတဲ့ကိုယ်တို့ကျ
ဘယ်နတ်ကိုင်းမှာ ဘာကြိုးရှုပ်လို့ နတ်ရုပ်လိုနေကြရတာ’
ဒီမယ်ပို့ပို့ပို့စ်မော်ဒန်ကိုမောင်ရင်ဘယ်လိုနားလည်သလဲ
အသက်ရှူဖေးကူရာမဲ့ကြပ်ရတဲ့အထဲ သူ့နှယ်
ဆာ့တ်ကနေဒယ်ရီဒါ ကမြူးကနေဖူးကိုး
ဆူးထိုးလိုက်လို့မိတဲ့ငါးဟာ အနတ္တလိုပြုံးပြုံးကြီးနဲ့
ပိုက်သွင်းထားတယ် အသက်ရှူမှန်ဖို့စောင့်နေတယ်
ပင်လယ်ဟာရင်ဝထိတော်တော်ရောက်ခဲ့ပြီ
ရေထဲဒူးနစ်တဲ့အထိ ဒူးနန့်လိုဆင်း
လူဖြစ်မှုပြစ်ဒါဏ်ပျော်ပျော်ကြီးကျခံရင်း
ခုန်နေတဲ့နှလုံးကိုခုံသမာဓိနှလုံးသွင်းရင်း
ရယ်စရာတစ်ခုခုရှာသလိုဘေးဘီမျက်လုံးကစားရင်း
သူ့လှေကိုရေထဲသူတွန်းထိုးလိုက်တော့တယ်
အထာဝရင်ရတတ်တဲ့ ထာဝရရဲ့သဖြန်
လာဘ်ထိုးမရတဲ့ပတ်ပျိုးရဲ့နိဂုံးအစခြေဆင်းလေးပေါ့
မသေချာမှုဟာသေချာတယ်
သေချာမှုဟာမသေချာတယ်
မသေချာမှုဟာမသေချာတယ်။ ။
ဇယလ
၂၈ဂျူလိုင် ကိုဗစ်၂၀