ဘဝထဲ မဲပေးပြီးရောက်လာခဲ့ကြသလား
မပေါက်တဲ့ထီလက်ထဲကိုင်ပြီးရောက်လာခဲ့ကြသလား
ကိုယ်ကိုယ်တိုင်ထီလှည်းလေးတွန်းရောင်းရင်း
ကားတိုက်ခံအစိမ်းသေလို့ဘဝထဲရောက်လာခဲ့တာလား
လူဖြစ်မှုရဲ့အလှတရားဟာဖျော်ရည်စက်ထဲထည့်လိုက်တဲ့
ရွှမ်းမှည့်သစ်သီးပဲ သုံးဆောင်ပါလေဒီဖျော်ရည်
စက်ထဲကဘယ်သူမှအရှင်ပြန်ထွက်မလာဘူး သိတယ်မလား
ညှစ်ကြိတ်ချေခံရတာကြယ်တွေလိုပဲ ဒါဘာသီးလဲ
မိုးကုတ်စက်ဝိုင်းကိုလှမ်းတကြည့်ကြည့်နဲ့
မြေသားနံ့မပျောက်ရတဲ့ ယာယီအဆောက်အဦတွေ
ကိုယ်လည်းပဲ မဲတွေပေးခဲ့ဖူးပါတယ်လေ
ရွံလွန်းအားကြီးလို့ပါးစပ်ထဲထည့်လိုက်ပြီး
အပြင်ရောက်မှထွေးထုတ်လိုက်တာ ရာနှုံးပြည့်ထောက်
ခံမဲရခဲ့သတဲ့ ရေနစ်လူသေတွေရဲ့မဲတွေဒီနေ့ထိ
မရေရသေးဘူး
ဘဝကိုရခဲသမျှရွှံ့လုံးလေးလုံးချေလို့
လက်ထဲညှစ်လိုက်တာရွှံ့ရုပ်ကလေးကိုယ့်ပုံတူ ဘယ်ကြယ်နဲ့မှ
မတူတဲ့ပေးစရာကုန်လျော်စရာခမ်းလူဖြစ်မှု
ဘယ်သူ့ကိုသစ္စာကြိမ်ရိုကျိုးအရိုးအသားအရေပေးရ
ဦးမှာလဲ ကိန်းဂနန်းကလွဲလို့ကိုယ့်ဘဝဖြစ်မှုသစ္စာ
မိုးကုတ်စက်ဝန်းအတွက်အသက်ပေးခဲ့တဲ့မြေဇာတွေ
မဲဟာသစ်သီးမဟုတ်ဘူး မဲဟာသစ်သီးလည်းမသိသစ်ဥလည်း
မသိ ခူးဆွတ်ရိပ်သိမ်းဖို့ပဲ သိစိတ်ရဲ့လက်ကို
ဆွဲနှုတ်ဆက်မလိုနဲ့မေးရိုးကိုရိုက်ချိုးလိုက်တာ
မေရိုးတွေ အဲဒီစားကျက်ထဲနွားအားရမြက်စိုစိုစိမ်းစိမ်း
ယိမ်းအရူးကစေတဲ့ လေအရူးစိမ်းထဲ မြွေလည်မြို
ကောင်းကင်ကို အသက်ချည်လုံးနဲ့ပစ်ပစ်ပေါက်နေရတာ
မထူးဆန်းတော့တဲ့မြေသားအရွေ့တွေရဲ့လေ
အလှတရားဟာဒေါသနဲ့ဖုံးဖွဲ့ရတဲ့အရပ်မှာ
နှလုံးသားရဲ့အနက်ရှိုင်းဆုံးထဲကဒေါသနဲ့ပဲ
ဟာလာဟင်းလင်းတောင်ထိပ်က
ဟာလာဟင်းလင်းလေကိုပဲ
သေချာတဲ့မြွေသိုက်နံစော်ထဲက ဘဝရဲ့ပိတ်ဆို့ထားမှု
သော့ဖြစ်ကောင်းဖြစ်ပါစေလှမ်းကမ်းရတာ
ကိုယ့်ကြောင်နဲ့ကိုယ် အချင်းချင်းအတူတူ
တပြိုင်နက်ကုတ်ပေးကြတယ် သန်းချင်းဖလှယ်တယ်
စုပ်ခံရတဲ့သွေးထက်ဘာပိုသေချာသလဲ
ဇယလ
၁၂ ဂျူလိုင် ကိုဗစ်၂၀