ဘာ၊ တောင်ပေါ်က ဟုတ်လား၊ ခုန်ချသွားတယ် ဟုတ်လား၊
ဖိနပ်ကလေးချန်ထားခဲ့တယ်ဟုတ်လား ငယ်ငယ်ရွယ်ရွယ်လေးနဲ့ကွယ်
အသက်ကိုလတ်ဆတ်နေအောင်ထိမ်းထားပေးတဲ့ခဲပတ်ကလေး ကွာသွားလို့လား အဲသလိုသတင်းတွေကြားရရင်
ရင်ထဲမှာ ဂရုစိုက်မခံရတဲ့ခွေးရဲ့ငိုသံနဲ့ စိမ်းလန်းလွန်း
တဲ့သစ်ရွက်တွေ စိမ်းလွန်းတဲ့သစ်ရွက်သေတွေဝေလို့
မိုးတွေနင့်နေအောင်ရွာရင်ဖြစ်တတ်တဲ့ ကျီးမည်းတောင်ပံ
ထမပျံချင်တော့အောင် သွပ်ခေါင်မိုးပေါ် သိုသိုသိပ်သိပ်
အသေအချာသေစရာသပ်ရပ်ဖို့ ထမင်းစားရေသောက်ပါပဲ
ဆိုပေမယ့် သေတာဟာ အနက်ရောင်အိန်ဂျလ်ရဲ့
ပွေ့ချီယူရင်းကျမျက်ရည်တစ်စထဲလဲလျောင်းပါသွား
အဲသလိုကိုယ်လည်း စိတ်မှောင်ကျထဲချိတ်ကူးယဉ်မိသား
တစ်ဘဝလုံးအနှစ်ချုပ်ဟာ
နောက်ဆုံးထွက်သက်ထက်တောင်
ပေါ့ပါး ပါးလွှာနေမလား နေရတာပဲပေါ့လေ
တစ်ယောက်ဟာ ကိုမာဝင် စက်တွေနဲ့ဆက်အသက်ရှင်
တစ်ယောက်ဟာ သောက်ရမယ့်ဆေးတွေ ဝေဒနာသက်နဲ့
လက်ကျန်ရေလို့ ပော််ရွှင်မှုတို့ရေ
ဘဝတို့ရေ ထာဝရလို့ထင်မှတ်ရတဲ့
အထွတ်အထိပ်အခိုက်အတန့်တို့ရေ
‘ဘယ်သူကမှသီးခြားကျွန်းတစ်ကျွန်း
မဟုတ်ဘူး’ နဲ့ ‘ဘယ်သူမဆိုရဲ့ပုဂ္ဂလအတ္တဟာ ကျွန်း
တစ်ကျွန်းလိုပဲရှိသင့်တယ်’ ကြား ခါးခွဲစိပ်တုန်းက
ကြမ်းပြင်မှာသွေးဟာရေလိုဝပ်နေခဲ့သတဲ့
ဝမ်းကျွတ်စလေးထားခဲ့ပြီး ရေမွှာတွေထဲ
အမေဟာထွက်ခွာသွားခဲ့တာ အသက်ရှင်မှုအဘိဓမ္မာနဲ့
စိတ္တဗေဒသက်တေအနက်တွေ ဘဝအဓိပ္ပါယ်တွေ
အိမ်ရှေ့မှာကျီးမည်းသာခိုက် အိမ်နောက်မှာငှက်ဆိုးထိုးလို့
ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဆိုတာ ဘဝကိုထမ်းလို့
စိတ်မှာအနာတွေဖြစ်လာတာ အနာစိတ်တွေဖြစ်လာတာလား
စီးသောရေကို မဆည်လိုတော့တဲ့ ကန်သင်းကျိုးပေါက်
သွားခြင်းလား ကစားကွင်းထဲဆော့ကစားနေကြတဲ့
ကလေးတွေရဲ့အသံထဲမှာ အဖိုးကြီးအဖွားကြီးစုံတွဲဟာ
တစ်ယောက်လက်တစ်ယောက်ချိတ် တစ်ယောက်တစ်စိတ်နဲ့
အရိပ်ထိုးကျမလာခင် တွယ်ငင်ငေးမောအရပ်မှာ။ ။
ဇယလ
၂၈ ဂျွန် ကိုဗစ်၂၀