‘သတိထား၊သတိထား၊မင်းနင်းနေတာ
ငါ့ရဲ့အိပ်မက်တွေ’
အသက်ကိုလှမ်းဆွဲဖို့ လက်ဟာနွံကျူးနေတာတွေ
အရိပ်ဟာရိပ်သာမဝင်ခင်စိတ်မှာအဆိပ်ဝဋ္ဌာတခွင်
မကြာခင်မှာ
အမှတ်တရတွေ အလောင်းပိတ်နဲ့ပတ်ဖို့ပြင် ကိုယ်တိုင်
လှောင်မှပိတ်တဲ့အပတ်ထဲ ကိုယ့်ပွင့်ချပ်တွေလျှပ်လျှပ်ကြွေ
လစ်ဟာတာတွေလစ်ပလေ့စေလွတ်တဲ့နွားဟာဘေးမဲ့လေ
တဖြေးဖြေးနဲ့ပြေးလာနေတာ ချပ်ဝတ်ခွာမယ့်
တန်ဆာတွေ ပလာမပြောင်း ထိုသူဟောင်းရဲ့
အပြစ်တွေ အုတ်နံရံကိုခေါက်လိုက်ရင်ဘိုးဘေးသံပဲ့တင်
သုဿန်ကမြက်ပင်ရှည်တွေ၊ဘဝရဲ့လျှို့ဝှက်ချက်ကိုသက်စေ့
အောင်းထားကြသူတွေ၊မင်းနဲ့ကိုယ်နဲ့အပါအဝင်
မင်းတို့ကိုယ်တို့အလောင်း(ဖွဟဲ့)အကြောင်းတွေ
တီးတိုးလက်တို့ပြောနေကြသလားပေ
ကမ္ဘာကြီးကိုလေးစားဖို့ သဘာဝကိုရိုကျိုးဖို့
စားပွဲခင်းက စွန်းထင်းဟင်းပဲ ဆွမ်းလောင်းစရာ
မကျန်တော့ဖို့ ကြေကွဲခြင်းကိုဘုရားစင်မှာ
ပန်းရေချမ်းလိုမကပ်ဖို့
ကလေးရယ်သံသွန်းလောင်းတဲ့နေ့ရွှေဒင်္ဂါးတွေ
စိတ်ရဲ့အိတ်ကပ်တွေထဲမှာချွင်ချွင်မြည်ရွှင်နေပါစေ
ရင်ခုန်တိုင်းမှာသစ်ခွရိုင်းတို့အပြိုင်းပြိုင်းပွင့်ပါစေ
ခရမ်းပြာနုနုကထာပွား မီးရင်ကြားမှာဧမြစေ
သတိထား၊သတိထား
မင်းနင်းနေတာမင်းရဲ့အိပ်မက်လှလှတွေ
ဇယလ
၆ ဂျွန် ကိုဗစ်၂၀