ငါဟာငါ့ကိုယ်ပိုင်ဖြစ်တယ်ဆိုတာအယူအဆတစ်ခု
ငါဟာရေအောက်မှာ၅နာရီ၄၅မိနစ်၃၆စက္ကန့်
ငုပ်နေနိုင်တာဟာလည်းထိုနည်း၎င်း
မင်းမရှိလည်းရပါတယ်လို့ ခြေအောက်မှာ
ကြေမွသွားပြီး ရနံ့ထွက်နေတုန်းပန်းတစ်ခု
ဟိုမှာပစ်ခတ်သတ်ဖြတ်နေကြပြီ ကိုယ်ဟာသီးခြား
လွတ်လပ်နေတာဟာလည်း ဟာနေတဲ့တစ်ခု
တစ်ခုခုဟာတစ်ခုခုကိုအမြဲခုနေရတာပဲ
အနှစ်တစ်ရာကျော်ပင်စည်ကြီးဟာ
လေကိုခုထားရသလို အနှစ်တစ်ထောင်အဆောက်အဦဟာ
ကိုးကွယ်ယုံကြည်မှုကိုခုထားရသလို
ကိုယ့်နှလုံးသားဟာ မင်းရဲ့ရွေ့လျားပုံရိပ်တွေနဲ့
အပြေးအလွှားလိုက်လိုက်ခုနေရသလိုပေါ့
အခုအခံမပါပဲနဲ့မင်းအပြင်လျှောက်သွားနေမလား
နိုက်တ်အောက်ဘားမှာကြိုက်သလောက်ကြွားပြနေမလား
မင်းရဲ့ဖို့လျို့ဖားလျားအလှတွေ
ဒီညကိုယ့်တစ်ကောင်ကြွက်ညစာဟာ
မင်းကိုခုတ်ပိုင်းထားတာတွေထဲက
ဘယ်ဘက်ရင်အုံအိတုံအေးအေးလေး
ထ၊ထ၊ဘယ်သူရေ
မောင်ဒေးကျန်ခဲ့တဲ့ယုန်သေတွေ
သွားကောက်ကြရဦးမယ်လေ
ကိုင်းထဲကဟိုပုဂ္ဂိုလ် သူ့နွားနှစ်ကောင်နဲ့
လျှိုထဲပြုတ်ကျနေလုံးကိုဆွဲတင်နေပြီလေ
အသက်နဲ့ရှူရတဲ့နှာခေါင်းကိုလည်း
ဖက်နဲ့စည်းထားရတာအခုအခံအယူအဆတစ်ခု
ကိုယ့်ထံပြန်လာပါတော့လေ ယခင်ကထက်ပိုပိုသာသာ
မင်းကိုတန်ဘိုးကြီးကြီးမားမား
ကိုယ်ထားပြပါတော့မယ်လေ
ဟင့်အင်း အဲဒါအယူအဆမဟုတ်ဘူး အယူအခံတစ်ခု
ခုစရာမရှိရင်ကိုယ့်မှာဘာတွေခံနေရဦးမလဲ
မင်းမရှိရင်ကိုယ်ဟာတိမ်သားတွေနဲ့ထုထားသူပါလေ။ ။
ဇယလ
၂ ဂျွန် ကိုဗစ်၂၀