အသက်ရှူခြင်းဟာအသားအရောင်
ကွဲပြားတယ် ဒူးဖြူနဲ့တက်ဖိခံထားရတဲ့လည်မြိုဟာ
အသက်အမည်းထွက်သွားတယ်
မီးပုံထဲရဲစခန်းကိုထည့်လိုက်တယ်
မီးစွဲလောင်ဂုဏ်ဆောင်အဆောက်အဦကြီးဟာ
မီးကင်ထားတဲ့အာဏာအရိုးစု အဖိနှိပ်ခံတို့ရဲ့
ဘာသာစကား အကျိုးအမြတ်အကြီးအကျယ်ရရှိရေး
မဟာဗျူဟာပြာတွေလေထဲလွင့်လို့လေပါအဆိပ်သင့်
အနိုင်သာကျင့်တတ်ပြီးမဖြေရှင်းတတ်တဲ့ရဲတွေမို့
Netflixမှာခဏခဏကြည့်ရတယ်မဟုတ်လား
အီရတ်ပြန် အာဖဂန်ပြန် ကိုလူချောတို့လာချေပြီ
စစ်ပြန်စစ်ရောဂါတွေ စိတ်ရောဂါတွေ လက်မရွံ့
နေကာမျက်မှန်နက်ကြီးတွေနဲ့သေမင်းမျက်လုံးတွေ
သမာသမတ်ကျတဲ့သမ္မတမင်းကရှင်းတယ်
‘လှုပ်ရင်ပစ်’ တဲ့ တွစ်တာမှာတွိတယ် လိုရင်းနဲ့လွဲချော်
နေတာဟာ အမြဲ အာဏာနဲ့လက်နက်ပဲဖြစ်တယ်
မသိကျိုးကျွံနေလိုက်ဖို့ကလည်း သုံ့ပန်းတွေရဲ့
အင်တာဗျူးဟာဖုံးတွေထဲမှာပျံ့နေပြီ တစ်ဘက်နိုင်ငံမှာ
နိုင်ငံခြားသားတွေကိုလက်ညိုးထိုးငွေတောင်းတဲ့
သဘာဝနောက်ခံရွာလေးတွေ၊ရိုးရာရောင်စုံဓလေ့တွေ၊
ရိုးသားတဲ့နေထိုင်မှုတွေ ဒို့တွေမှာလည်းရှိသား
မီးလုံးကြီးတွေ၊မီးခိုးမည်းတွေ၊ကလေးမသာတွေ
လက်နက်အပြည့်အစုံတပ်ယာဉ်ကြီးတွေ
ကောင်းကင်ကိုဖုံးသွားအောင်ပျံသန်းနေကြပြီ
The Empire Strikes Back
အင်ပါယာဟာလက်စားချေပြီ ရုပ်ရှင်အစားယူကျ(ဗ်)
အင်းစက်တွေ ခပ်ခွာခွာကကျည်ဆံတွေ မီးစွဲလောင်နေတဲ့
ရွာဦးကျောင်းကခေါင်းလောင်းသံတွေ
မိုးတစ်ပြိုက်ရွာပွင့်လိုက်စမ်း IDP စခန်း
လေးလံတဲ့အကြောင်းတွေဟာ ဝေးလံနေတာ
ကောင်းပါတယ် အရှောင်အတိမ်းဂျက်ဆီဂျိန်း
ကုလားမနိုင် ရခိုင်မေး ရခိုင်မနိုင်ရင်ဘယ့်သူ့မေးဟာ
ဆွဲထိုးလိုက်လို့ပြုတ်ထွက်သွားမှာအကောင်းဆုံးလဲ
သမ္မာကျမ်းစာဟောင်းထဲက သတ်ပွဲကြီးတွေလိုပဲ
အသက်ရှင်ခြင်းဟာ လူမျိုးရေးခွဲခြားတယ်။ ။
ဇယလ
၃၀မေ ကိုဗစ်၂၀