လူတွေတူသွားကြတဲ့နေ့

ရှော့ပင်းမောလ်တွေမှာသရဲခြောက်ကုန်ပြီ
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ပဲလေ
လူအများစည်ကားရာဟာ
အနိဋ္ဌာရုံတွေကြုံလာဦးမယ့်
သာလာယံဇရပ် ကဗျာရွတ်ဖတ်ကြစို့လေ
စာသင်သံ စာအံသံ တွေဟာ စတုလောကပါလရဲ့
စတုရန်းကွက်ပန္နက်အတွက်စတေးစရိတ်စီရင်ချက်
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ပဲလေ
တစ်ကိုယ်စာအသက်ရှင်ခြင်းကိုလော့က်ဒေါင်းချ
မာဂရိသ်ရဲ့ခေါင်းလုံးစွပ်ချစ်သူတို့အနမ်းလား
အချစ်ကိုတဖန်ပြန်စစ်ရတဲ့
ပစ္စန္တရာဇ်ရဲ့တိတ်ဆိတ်မှုကြီးဆူညံ
အီးကုန်းစက္ကူတွေကြက်ပျောက်ငှက်ပျောက်
ခွေးစာကြောင်စာတွေလည်းကုန်တော့မယ်
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ကြီးလေ
တောင်းဆုတွေဟာအလောင်းစု အကြောင်းပြု
ခဲ့သမျှဟာ ကြွေအန်တစ်လှိမ့်မှာ ကျွမ်းသန္တာလန်
ကျိန်စာစူးကြရပါပြီလို့ ကျိန်တွယ်ပြောဖို့
အသက်တွေဟာကျိန်းစပ် ကျပ်ခိုးစင်ပေါ်
ကြက်ပျံမကျ ကြိတ်ကြိတ်တိုးလို့
ဖြစ်မှဖြစ်ရလေဒီနေ့ကမ္ဘာ့ကဗျာနေ့
မမြင်ရခင်အရိပ်ကြိုတင်ထိုးထွက်လာတာစီးပွား
ပျက်ကပ် မတွေ့ရတာ ကြာတောင့်ကြာတော့
လေညှာဆတ်ဆတ် ဗိုင်းရပ်စ်ခတ်လျှင်
သတ္ထန္တရကပ် လက်နက်ဆိုးဘေး
ရောဂန္တရကပ် ရောဂါဆိုးဘေး
မအိုခင်မှာနာဘေးသေဘေး
ကျေးဇူးပြု၍နားဆင်ပါရှင် ကျေးဇူးပြု၍နားဆင်ပါရှင်
ထိတ်လန့်တကြားဝယ်ယူလုယက်အားပေးသူများ
ကျေးဇူးအထူးတင်ပါတယ်ရှင်
မင်္ဂလာပေါင်း ခညောင်းပါစေရှင်
လူဟာမြင့်မြတ်တယ် လူဟာယုတ်ညံ့တယ်
ဆေးမရှိလို့သက်ကြီးရွယ်အိုလူနာတွေ
သေဖို့စိတ်ရှည်စောင့်ဆိုင်းကြရင်း
ဘဝချည်ခင်ကိုချိန်ကိုက်ကြ
ဘဝဂ်လျှံအောင်ဘာဝနာပွားကြ
မမေ့မလျော့ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ရက်လေ
ပြစ်ဒဏ်ကျတို့ရဲ့သံဝေဂဟာကဗျာဖြစ်မဖြစ်
အဖျားရှိချောင်းဆိုးရင်တိုင်းပြည်တစ်ပြည်မှာပစ်သတ်တယ်
မရောက်စဘူးမိမိထံမိမိ ခရီးထွက်ကြပါ
ရောက်တဲ့အရပ်မှာ လက်နောက်ပစ်ပြီး ပဟေဠိနဲ့ကြိုဆိုမှာ
လူလူချင်းပေါ်မေတ္တာထား ခပ်ဝေးဝေးမှာနေကြပါ
အဝင် အထွက် ပိတ်လိုက်တဲ့မြို့ကြီးတစ်မြို့မှာ
လူတွေဟာဝရံတာတွေမှာအန္တရာယ်ကင်းဂါထာလိုလို
အသက်ရှင်လိုခြင်းသီချင်းတွေပြိုင်တူအော်ဆိုကြ
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ပဲမဟုတ်လား
ကမ်မဝဋျရဲ့ကမ်မဝါဟာကမ်မသကာ
ကမ်းဦးရေတိမ်မှာကမ်းပါးတွေပြိုဆင်း
ရှင်ခြင်းဋီကာကဗျာတွေရွတ်ကြ
ကမ္ဘာ့ကဗျာနေ့ ဒီကပ်နေ့မှာမြက်တစ်ဆုပ်စာ
ဘာသာရေးပွဲများအားလုံးပိတ်သိမ်းလိုက်ပါပြီ
ကဗျာတွေရွတ်ကြ ကဗျာတွေရွတ်ကြ
ဒီနေ့ဟာ ၂၀၂၀ ကမ္ဘာ့ကဗျာနေ့

ဇယလ
၂၁မတ် ၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>