တံတားပေါ်အရှိန်နဲ့ကားအတက်
တံတားထိပ်ကခွေးတစ်အုပ်ဆင်းအလာ
ကားဟာတစ်ခုခုပေါ်တက် ကြိတ် အပြီး
လမ်းပေါ်တာယာခံပြန်ကျအသွား
အူသံဟာလမ်းတလျှောက်အလျား
တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လမ်းမီးတွေအလင်းဟပ် ပြုံးလျက်သား
တံတားထိပ်ကခွေးတစ်အုပ်အဆင်း
ကားတစ်စင်းအရှိန်နဲ့တက်အလာ
ခွေးဟာတစ်ခုခုထိပြီး အိကနဲရိကနဲကျွိကနဲ
လမ်းနဲ့တစ်သားတည်းဖြစ်သွား
လမ်းဟာအူသံအလျှောက်ဟိုဘက်ထိအလျား
တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လောကီမီးတွေအလင်းဟပ် ဓမ္မပြုံးလျက်သား
ခံစားမှုကိုကိုယ်ခံစား
ဘာသာစကားနဲ့ချွန်းအုပ်လိုက်ဖို့ကြိုးစား
လမ်းဟာဆွံ့အခြင်းပကတိတံတားအလျား
ဇယလ
၂၅ စက် ‘၁၉